Monday, August 25, 2025
Home » စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ

စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ

0 6

အာဏာသိမ်း စစ်ကောင်စီ၏ အတင်းဓမ္မ ဖိအားပေး ခိုင်းစေမှုများကြောင့် မန္တလေးကပြည်သူလူထုများမှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ် ခံနေရကြောင်း သိရသည်။

လာမည့် ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများကို ခေါ်ယူနေခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၄ ရက်တွင် စတင်မဲနှိုက် ရွေးချယ်ခံနေရကြောင်း ဒေသခံများက ပြောသည်။

မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရုံး၊ ဓမ္မာရုံနှင့် သတ်မှတ်ထားသော နေရာများတွင် စစ်ကောင်စီအဖွဲ့မှ မန္တလေး လူငယ်များကို မဲနှိုက်ရွေးချယ်နေပြီး မဲလာနှိုက်ကြရန်လည်း လော်စပီကာများဖြင့် လိုက်လံအော်ခေါ်နေသည်။

မဟာနွယ်စဉ်ရပ်ကွက်ဒေသခံတစ်ဦးက “စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။ မန္တလေးတစ်မြို့လုံး ရပ်ကွက်တွေမှာ မဲနှိုက်ခိုင်းမှာ” ဟု ပြောသည်။

မဲနှိုက်ရန် ကာယကံရှင် လူငယ်များကိုယ်တိုင် လာရောက် မဲနှိုက်နိုင်သလို မိသားစုဝင် တစ်ဦးဦးက လာရောက်မဲနှိုက်ပေးရမည်ဟုလည်း လော်စပီကာများဖြင့် လိုက်လံဟောပြောနေသည်။

“လူငယ်တွေကို သေလမ်းပို့နေပြီ။ မိဘတွေပါ ပြောင်းပြေးရမယ့် အခြေအနေဖြစ်နေပြီ။ မိဘတွေရော လူငယ်တွေရော အရမ်းကို စိတ်ဆင်းရဲနေရတယ်” ဟု မန္တလေးပြည်သူတစ်ဦးက ပြောသည်။

မန္တလေးပြည်သူများမှာ စစ်မှုထမ်းရန် ဆန္ဒမရှိကြသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် စစ်မှုထမ်းမဲနှိုက်ရန် သွားရောက်နေကြရသည်ဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ မတရားပြဌာန်းထားသော စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံအတွင်းက လူငယ်အများအပြားမှာ စိတ်ဆန္ဒမပါဘဲ စစ်မှုထမ်းနေရပြီး တိုက်ပွဲများတွင် သေဆုံးမှု များပြားလျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေလတွင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းအား စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၁၂ အထိ ရောက်ရှိလာခြင်းဖြစ်သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ