Sunday, April 19, 2026
Home » တားမြစ်အရက် တင်သွင်းသူကို AA ဖမ်းဆီး

တားမြစ်အရက် တင်သွင်းသူကို AA ဖမ်းဆီး

0 42

တားမြစ် ပိတ်ပင်ထားသော ပြည်မနှင့် နိုင်ငံခြားဖြစ် အရက်များအား တင်သွင်းလာသူကို ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် AA က မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ပလက်ဝမြို့နယ် ဆမီးမြို့မ အမှတ် (၂) ရပ်ကွက်ရှိ ဌာနပေါင်းစုံ စစ်ရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အရက်ပုလင်း ၁၇၉ လုံး ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဦးမောင်သာညိုဖြစ်ပြီး စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံကျေးရွာ ဒေသခံဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဆောမြို့ကနေ တားမြစ်ထားသော အရက်ပုလင်းများအား သယ်ယူလာပြီး ပလက်ဝအပါအဝင် ရခိုင်ပြည်အနှံ့ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

GRAN ပုလင်း ၁၁၉ လုံးနှင့် RED LABLE ပုလင်းအလုံး ၆၀ တို့ကို အာရက္ခတပ်တော် စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်းက လွတ်မြောက်နယ်များတွင် ပြည်မထုတ် အရက်များ အထူးသဖြင့် စစ်ကောင်စီနှင့် ဆက်နွယ်သော ထုတ်ကုန်များနှင့် နိုင်ငံခြားအရက်များကို ရောင်းဝယ်ဖောက်ကားခြင်းနှင့် သောက်သုံးခြင်းတို့ကို ပိတ်ပင်ထားမြစ်ထားသည်။

ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်မှာ ဒေသထွက် အရက်ထုတ်လုပ်မှု မြင့်တက်လာကာ အရက်ကိုအခြေခံသည့် ဒေသထုတ် ဝိုင်များလည်း ထုတ်လုပ်လာကြကြောင်း သိရသည်။

သို့သော်လည်း ထိုအရက်ထုတ်လုပ်မှုများမှာ ပြည်လူထု သောက်သုံးရန်သင့်မသင့်နှင့် ပတ်သက်ပြီး စစ်ဆေးချက်များ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အရက်ထုတ်လုပ်မှုကို စနစ်တကျဖြစ်ရန် AA အနေဖြင့် လုပ်ဆောင်လိုအပ်နေကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ