Sunday, October 12, 2025
Home » သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ

သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ

0 8

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညဉ့် ၁၁ နာရီအချိန်ခန့်တွင် မွေးရပ်ဇာတိ၌ ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

ကိုဇော်ဇော် သည် ရခိုင်ပြည် ရမ်းဗြဲမြို့နယ် စကုကျွန်း၊ အောင်ချမ်းသာကျေးရွာမှဖြစ်ပြီး Western News သတင်းဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသော သတင်းသမားများအားလုံးနှင့် အလွန်ချစ်ခင် ရင်းနှီးသော သတင်းသမား မိတ်ဆွေတစ်ဦး ဖြစ်ပါသည်။

ကိုဇော်ဇော်သည် ၂၀၁၈ ခုနှစ်တွင် သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်လာပြီး “ရမ္မာကျော်စော” ကလောင်အမည်ဖြင့် ရခိုင်ပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်း အရာများကို ဖွံ့ဖြိုးတိုးတက်စေရန် သတင်း၊ ဆောင်းပါး များစွာရေးသားခဲ့ကာ ရခိုင်ပြည်၏ အနာဂတ် တောက်ပစေရန် သတင်းမီဒီယာအခန်းကဏ္ဍမှ ပြည်သူ့အကျိုးပြုခဲ့ပါသည်။

သတင်းမီဒီယာဖြင့် ပြည်သူ့အကျိုးမပြုမီက စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်တွင် ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်များတွင် လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

စစ်အာဏာရှင်များနှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကိုဇော်ဇော်သည် လက်နှစ်ဖက်စလုံး ၏ လက်ချောင်းအချို့နှင့် ခြေတစ်ဖက် ပေးဆပ်ဆုံးရှုံးခဲ့ရသလို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါသည်။

ရခိုင်ပြည်သူလူထု အပါအဝင် မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ဘဝမှ လွတ်မြောက်စေရန် ထိုကဲ့သို့ တော်လှန်ရေးဖြင့် အကျိုးပြုခဲ့သူ၊ သတင်းမီဒီယာဖြင့် အကျိုးပြုခဲ့သူ ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကွယ်လွန်သွားခြင်းအပေါ် Western News သတင်းဌာနမှ ကျန်ရစ်သူ မိသားစု၊ ဆွေးမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။

ပြည်သူလူထုအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်ပေးဆပ်ခဲ့သူ ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကောင်းရာသုဂတိရောက်ပါစေကြောင်း Western News မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Western News မိသားစု

နောက်ဆုံး သတင်းများရယူလိုက်ပါ