Western News| ဩဂုတ် ၃
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုသတင်းက ရခိုင်ပြည်တစ်ပြည်လုံးက အမျိုးသမီးတွေအပေါ် ကြီးမားတဲ့ ထိခိုက်တုန်လှုပ်မှု ဖြစ်စေခဲ့မယ်လို့ ကျွန်မထင်ပါတယ်။
ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာ ကျွန်မကို ပိုပြီးအံ့သြစေတဲ့ ကိစ္စတခုက ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ လူထုရဲ့ တုံ့ပြန်မှုတွေ၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေ ငြင်းခုံဆွေးနွေးမှုတွေနဲ့ ဒီငြင်းခုံမှုတွေကနေ မီးမောင်းထိုးပြနေတဲ့ စနစ်ပိုင်းဆိုင်ရာ ဟာကွက်တွေပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်းကဏ္ဍတွေ၊ အယူအဆတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာသင်ယူနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရှုထောင့်ကနေ ကြည့်ရင်ဒီဖြစ်ရပ်က သာမန်ရာဇဝတ်မှုတခု ဒါမှမဟုတ် သီးခြားဖြစ်စဉ်တခု မဟုတ်ပါဘူး။
ရခိုင်အမျိုးသမီးတစ်ယောက်အနေနဲ့ရော ဒီလူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာခဲ့သူတစ်ယောက်အနေနဲ့ပါဆိုရင် ဒီလိုမျိုး ကိစ္စတွေက ကျွန်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ မတိုမထိဘဲ ကာလရှည်ကြာ ကိန်းဝပ်နေခဲ့တဲ့ အရာတခု ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ကျွန်တို့ဒီနေ့ လူ့အဖွဲ့အစည်းမှာ ပိုကောင်းမွန်တဲ့ အရွေ့တခု စနစ်တခုကို စတင်အကောင်အထည်ဖော်သင့်ပြီဆိုတဲ့ အချက်ပေးသံတခုအနေနဲ့ မှတ်ယူပါတယ်။ လူထုကြားထဲပျံ့နှံ့နေတဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အားနည်းချက်တွေက လူ့အခွင့်အရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စံနှုန်းတွေနဲ့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။ ကျွန်မရဲ့ အမြင်အချို့ကို ဆွေးနွေးကြည့်ပါမယ်။
■ တော်လှန်ရေးကာလ နှင့် အမျိုးသမီးတွေရဲ့ လုံခြုံရေး
ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေ ထွက်ပေါ်လာတိုင်း လူမှုကွန်ရက်ပေါ်မှာ တွေ့ရလေ့ရှိတာက ဘာရည်ရွယ်ချက်နဲ့ ပြောမှန်းမသိတဲ့ တော်လှန်ရေးကာလမလို့ ဆိုတဲ့ ထုချေချက်တွေကို အများအပြား တွေ့ရတာပါပဲ။
“ဒီအမှုကို ဦးစားပေးဖြေရှင်းနေရင် စစ်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေနိုင်တယ်” ဆိုတဲ့ မှတ်ချက်တွေ ယူဆချက်တွေ ကြားရတဲ့အခါ ကျွန်မ တမျိုးထူးဆန်းစွာ ခံစားရတယ်။ တကယ့်အမှန်တရားက လူ့အခွင့်အရေး စံနှုန်းတွေအရ တရားမျှတမှု၊ လူ့အခွင့်အရေး နဲ့ စစ်မှန်တဲ့ တော်လှန်ရေး/ အုပ်ချုပ်ရေးတွေက တခု နဲ့ တခု အမှီသဟဲပြုပြီး ရှိနေကြတာပါ။ စစ်မှန်တဲ့ တည်ဆောက်ရေးနဲ့ လွတ်မြောက်ရေးဆိုတာ ပထဝီဝင်အရ နယ်မြေ စိုးမိုးမှုကိုပဲ ဆိုလိုတာမဟုတ်ဘဲ အုပ်ချုပ်တဲ့ နယ်မြေအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေအပါအဝင် ထိခိုက်လွယ်တဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေရဲ့ ကိုယ်စိတ်နှစ်ပါး လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ စနစ်တခု လူ့ဘောင်တခု ကို တည်ဆောက်တာလို့ ကျွန်မက ရည်ညွှန်းချင်ပါတယ်။
လွတ်လပ်တဲ့နယ်မြေမှာ နေနေရပေမယ့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေက ခြောက်လှန့်နေတယ် လို့ စိတ်ထဲအမြဲ ခံစားနေရတယ်ဆိုရင် စိတ်ချလုံခြုံပြီး နေနေရတဲ့ နယ်မြေတခုလို့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။
■ ကျူးလွန်ခံရသူကို အပြစ်တင်ခြင်းကို ဆန့်ကျင်ခြင်း
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ခွဲခြားထားချင်တာက ပြုကျင့်ခံရသူနဲ့ မိသားစုရဲ့ အရှက် ကို ကာကွယ်ရမယ်ဆိုတဲ့ မလိုလားအပ်တဲ့ အကြောင်းပြချက်နဲ့ ဒီဖြစ်ရပ်အပေါ် ပြည်သူတွေကြား ပွင့်လင်းစွာ မေးခွန်းထုတ်ဆွေးနွေးမှုကို ပိတ်ပင်ခြင်းက အမျိုးသမီးတွေရဲ့ လုံခြုံရေးကို လျစ်လျူရှုရာ ရောက်ပြီး ကျူးလွန်သူတွေကို မသိလိုက်မသိဘာသာနဲ့ ကာကွယ်ပေးရာ ရောက်သွားနိုင်တဲ့ အချက်ပါ။
ပြုကျင့်ခံရသူနဲ့ မိသားစုမှာ အရှက်ကွဲသိက္ခာကျစရာ ဘာအကြောင်းအရင်းတခုမှ ကျွန်မ ရှာမတွေ့ပါဘူး။ ဒီလိုဖြစ်စဉ်တွေနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးသွားတဲ့ အမျိုးသမီးတွေနဲ့ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတွေက တခြားအမျိုးသမီးတွေနဲ့ တူတူပဲ လူ့ဂုဏ်သိက္ခာ အပြည့်အဝ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ဒီအမျိုးသမီးတွေကို နှိမ့်ချစော်ကားလို့ မရသင့်ပါဘူး။
ဒါဆို ကျွန်တို့လူ့အဖွဲ့အစည်းက ကျူးလွန်ခံရသူအတွက် ဘယ်လိုရပ်တည်ပေးနိုင်မလဲ ဆိုရင် –
ကျူးလွန်ခံရသူကို အပြစ်ဖို့ခြင်း (Victim Blaming) ကို တိုက်ဖျက်ခြင်း: အရေးကြီးဆုံးက ကျူးလွန်ခံရတဲ့သူကို အပြစ်ဖို့ခြင်း နဲ့ ကျူးလွန်ခံရသူရဲ့ မိသားစု ကို ဝေဖန်တိုက်ခိုက်ခြင်း တွေကို ဆန့်ကျင်ရပါမယ်။ ဒီအမှုနောက်ပိုင်း ကျွန်မ အထူးစိတ်ပျက်ခဲ့ရတာက ပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ အဝတ်အစား၊ အချိန်၊ သွားလာနေထိုင်ပုံကို ဆန်းစစ်ချိန်ဆကြည့်တဲ့ အသံတွေပါ။ ဒီလိုအမှုအခင်းတွေဖြစ်လာရင် မိန်းကလေးတွေအပေါ် “နင်တို့က ဒီလိုအဝတ်အစားဝတ်လို့၊ ဒီအချိန်အပြင်ထွက်လို့ ဆိုတဲ့ အတွေးအခေါ်မျိုးက အခုချိန်ထိ အများဆုံးတွေ့နေရဆဲပါပဲ။ ဒီလိုအတွေးအခေါ်တွေက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲမှာ လက်ခံနိုင်စရာမရှိပါဘူး။ ရာဇဝတ်မှုတစ်ခုရဲ့ တာဝန်ကို ကျူးလွန်ခံရသူဆီကို ရွှေ့ပြောင်းပေးလိုက်တာနဲ့ တူပါတယ်။ အဓမ္မပြုကျင့်သူက ကျူးလွန်သူ၊ ယုတ်မာသူ၊ အနိုင်ကျင့်သူ ဖြစ်ပြီး၊ တာဝန်ရှိသူ၊ အပြစ်ပေးအရေးယူခံရမယ့်သူက သူတစ်ယောက်တည်းပါပဲ။
တရားဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှု: ကောင်းမွန်ခြေခံပြီး နိုင်ငံတကာ စံချိန်မီတဲ့ တရားဥပဒေ နဲ့ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးအရေးယူခြင်းကသာ အုပ်ချုပ်သူအဖွဲ့အစည်းရဲ့ ရပ်တည်ချက် နဲ့ ဘယ်လောက်အထိ မှန်ကန်စွာ ကိုင်တွယ်နိုင်လဲ ဆိုတဲ့ ဆန်းစစ်ချက်ကို သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ အုပ်ချုပ်နေတဲ့အဖွဲ့အစည်းအပေါ် အမှုနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ တောင်းဆိုချက်တွေက အုပ်ချုပ်ရေးအဖွဲ့အစည်းအပေါ် ထိုးနှက်ခြင်း ဖိအားပေးခြင်း လို့ မမှတ်ယူသင့်ဘဲ အားကိုးအားထားပြုခြင်းသာ ဖြစ်ပြီး ပွင့်လင်းမျှတတဲ့ တရားစီရင်ရေးကို ပြသခြင်းကသာလျှင် အကောင်းဆုံးသက်သေပြချက်ပါပဲ။
■ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ယန္တရားဆိုင်ရာ စိန်ခေါ်မှုများ
အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားများလည်ပတ်နေတဲ့ နယ်မြေ အတွင်းမှာ ဒီလို လက်ထိပ်ခတ်ထားတဲ့ လက္ခဏာတွေ ပါဝင်တဲ့ ရာဇဝတ်မှု ဖြစ်ပွားခဲ့ခြင်က ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်း ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ယန္တရားအပေါ် ကြီးမားတဲ့ စိန်ခေါ်မှုပါ။
ထိန်းချုပ်နယ်မြေ တစ်ခုကို စီမံခန့်ခွဲနေတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေ နဲ့ ရာဇဝတ်မှု ဖြစ်ပွားတဲ့အခါ သာမန် စုံစမ်းစစ်ဆေးချက်မျှနဲ့ တာဝန်ကျေကျေ ပြည်တယ် လို့ မဆိုနိုင်ပါ။
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ အနေ နဲ့ အမျိုးသမီးတွေ ရဲ့ လုံခြုံရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးတို့အပေါ် အခြေခံပြီး ခိုင်မာတဲ့အမျိုးသမီးများ ကာကွယ်စောင့်ရှောက် ရေးနဲ့ဂျန်ဒါဆိုင်ရာ မူဝါဒများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားခြင်း၊ အကောင်အထည်ဖော်နိုင်သေး တဲ့ အချက်ကလည်း ကြီးမားတဲ့ ဟာကွက်တစ်ခု လို့ ထောက်ပြချင်ပါတယ့်။ ပြစ်မှုပြစ်ဒဏ်က တရားစီရင်ချက် တစ်ခုသာ ဖြစ်ပြီး ခိုင်မာတဲ့မူဝါဒ နဲ့ ကာကွယ်ပေးခြင်းကသာ ပိုမိုကောင်းမွန်တဲ့ လုံခြုံတဲ့အသိုက်အဝန်းကို ဦးတည်စေမယ်လို့ အကြံပြုလိုပါတယ့်။
တစ်ချိန်တည်းမှာပဲ ကျူးလွန်သူတွေ ရဲ့ ရက်စက်မှု ကြောင့် ပြည်သူတွေ ကြားမှာ “အများပြည်သူ ရှေ့တွင် သေဒဏ် ပေးရန်” ဆိုတဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာတာကို လည်း တွေ့ ရတွေ့ပါတယ့်။ လူထုရဲ့ဒေါသနဲ့ နာကျင်မှုကို ကျွန်မ အနေ နဲ့ နားလည်နိုင်သော်လည်း၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခု မှာ အများပြည်သူ ရှေ့ သေဒဏ် ပေးခြင်းဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားတာကို ရှည်ရာမှာ မတားဆီးနိုင်ဘူးလို့ ဆွေးနွေးမှုတွေ ရှိနေတာကို လည်း မေ့လို့ မရပါဘူး။ ကျွန်မတို့ တောင်းဆိုသင့်တာက ကျိုးကြောင်းခိုင်လုံတဲ့ စုံစမ်းစစ်ဆေးမှု၊ ပွင့်လင်းမျှတတဲ့ တရားစီရင်ရေးနဲ့ အဆုံးမှာတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘဲ ဥပဒေ အတိုင်း စနစ်တကျ အပြစ် ပေးနိုင်တဲ့ တရားစီရင်ရေး ယန္တရားပါပဲ။
■ သတင်းအချက်အလက် နှင့် ဆိုရှယ်မီဒီယာ
ဒီဖြစ်ရပ်နဲ့အတူ နောက်ထပ်တခု သတိထားမိတာက ဘာသာစကားနဲ့ တံဆိပ်ကပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုပါပဲ။ သတင်းအချက်အလက် ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့ရေးအတွက် မီဒီယာတွေ က ဗမာဘာသာစကား ဖြင့်ဖော်ပြ ခြင်းနဲ့တရားမျှတမှု အတွက်အရှိန်မြှင့်တင် တောင်းဆိုမှု များအပေါ် ဝေဖန်မှု များ ရှိနေတာကို လည်း ကျွန်မ တွေ့ ရတွေ့ပါတယ်။
လူ့အခွင့်အရေးရဲ့ အခြေခံ မူ တွေ ထဲမှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးက မည်သည့်ဘာသာစကား၊ မည်သည့်လူမျိုးနမိတ်ငွ်မှာ သောင်တင်မနေ သင့်တဲ့ အချက်ကို ကျွန်မ သတိရမိပါတယ့်။ အမျိုးသမီးတစ်ဦးရဲ့ အသက်ရှင်သန်နိုင်ခွင့်နဲ့ ကိုယ်ခန္ဓာ လုံခြုံမှုဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုကို ဖော်ထုတ်ရာမှာ ဘယ်ဘာသာစကားနဲ့ဆို ဆွေးနွေးခွင့်ရှိရမယ်လို့ ကျွန်မ ယုံကြည်ပါတယ့်။ တာဝန်ခံမှု တောင်းဆိုနေသူများကို အချင်းချင်း အပြစ်တင်တံဆိပ်ကပ်ခြင်းက မူလပြဿနာကနေ လမ်းလွဲသွားအောင် ကြိုးပမ်းတဲ့နည်းလမ်းတစ်ခု သာ ဖြစ်ပါတယ်။
ဒါ့အပြင် တချို့သော ဆိုရှယ်မီဒီယာအကောင့်တွေက ဒီဖြစ်ရပ်အပေါ် ရေးသားကြရာမှာ ကျူးလွန်ခံရသူရဲ့ နာမည်အရင်း နဲ့အတူ နေရပ်လိပ်စာတွေကိုပါ ရေးတင်နေတာမျိုး / ကျူးလွန်ခံရသူရဲ့ ခန္ဓာကိုယ် ပုံတွေကိုပါ ထင်ထင်ရှားရှားတင်နေကြတာ မြင်ရပါတယ်။ ဒီကိစ္စဟာ ကျူးလွန်ခံရသူ နဲ့ ကျန်ရစ်သူမိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်ပါ အုပ်ချုပ်ရေးပိုင်းကနေ ထည့်သွင်းစဉ်းစားပြီး ကာကွယ်ပေးသင့်ပါတယ်။
■ အရပ်ဘက်အဖွဲ့ အစည်းများရဲ့ အခန်းကဏ္ဍ နဲ့ ရပ်ရွာအခြေပြု လက်တွေ့ကျသည့် နည်းလမ်းများ
ဒီနေ့ရာမှာ တကယ့်ကို အရေးပါတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးချင်ပါတယ်။ ကျွန်မတို့ ရခိုင်လူ့အဖွဲ့အစည်းထဲမှာ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို သာမန်အမှုအခင်းအဖြစ် သတ်မှတ်ခြင်း သို့မဟုတ် ဖုံးကွယ်လိုတဲ့ ရှေးရိုးစွဲအလေ့အထတွေပေါ်မှာ ပတ်လည်နေတာကို တွေ့နေရဆဲပါပဲ။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ တောင်းဆိုချက်တွေကို တွေ့နေရပါတယ်။ ဒါအပြင် ကျွန်မထပ်လောင်းပြောချင်တာက ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ ကာကွယ်ရေး နဲ့ အသိပညာပေးရေး လုပ်ငန်းတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းတွေ ပိုမိုပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ULA/AA အနေနဲ့လည်း အရပ်ဘက်အဖွဲ့အစည်းတွေကို ပိုမိုထောက်ပံ့ပေးပြီး ရပ်ရွာထဲမှာ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကို စတင်နိုင်ဖို့ အောက်ပါအတိုင်း အကြံပြုချင်ပါတယ်။
■ အကြမ်းဖက်မှုဆိုင်ရာ ရပ်ရွာအခြေပြု အသိပညာပေးခြင်းနဲ့ စည်းကမ်း/ဥပဒေများ ချပြခြင်း
ULA/AA အနေနဲ့ ဒေသတွင်းရှိ အရပ်ဘက် အမျိုးသမီးအဖွဲ့အစည်းများရဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဆင့်အထိ ဂျန်ဒါအခြေပြု အသိပညာပေးမှုများ၊ အမျိုးသမီးအခွင့်အရေး ဆွေးနွေးပွဲများကို အမြန်ဆုံး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနဲ့ ပတ်သက်ပြီး ULA/AA ချမှတ်ထားတဲ့ ဥပဒေ၊ ပြစ်ဒဏ်များ နဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းများကို ရပ်ရွာပြည်သူများနဲ့ တပ်ဖွဲ့ဝင်များအထိ ရှင်းလင်းပြတ်သားစွာ ချပြအသိပေးရပါမယ်။
■ ကျေးရွာအုပ်ချုပ်ရေးနဲ့ အရပ်ဘက်အဖွဲ့များ တိုက်ရိုက်ချိတ်ဆက် တိုင်ကြားနိုင်တဲ့ လမ်းကြောင်းဖန်တီးခြင်း
အမှုဖြစ်ပွားပါက ရပ်ကျေးအုပ်ချုပ်ရေးမှတဆင့် သက်ဆိုင်ရာ တရားရေး/ရဲဌာနကို လျှင်မြန်စွာ ရောက်ရှိနိုင်မယ့် သီးခြားတိုင်ကြားရေး လမ်းကြောင်းတစ်ခု ထထားရှိပေးရပါမယ်။ ဒါ့အပြင် အရပ်ဘက် အမျိုးသမီးအဖွဲ့များကို အကူအညီတောင်းခံနိုင်တဲ့ အဖွဲ့အဖြစ် အသိအမှတ်ပြုထားပြီး၊ “ကျူးလွန်ခံရသူများ ဘေးကင်းစွာဖြင့် အကူအညီတောင်းနိုင်တဲ့ ကူညီစောင့်ရှောက်ရေးလမ်းကြောင်းများကို ရပ်ရွာထဲတွင် စနစ်တကျ ခွင့်ပြုပေးထားသင့်ပါတယ်။
အဖွဲ့အစည်းအတွင်း စည်းကမ်းချက်များကို ပြတ်သားစွာ ထုတ်ပြန်ခြင်း: ULA/AA အုပ်ချုပ်ရေးယန္တရားနဲ့ တပ်တော်အတွင်းရှိ တပ်ဖွဲ့ဝင်များ လက်နက်/အာဏာ အလွဲသုံးစားလုပ်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ မရှိစေရန် အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းချက်များကို သီးခြား အသိပေးထားရပါမယ်။ ကျူးလွန်ပါကလည်း ရာထူး/အဆင့် ၊ ဆွေမျိုးနီးစပ် မငဲ့ဘဲ ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ ပြတ်သားခိုင်မာတဲ့ရပ်တည်ချက်ကို ပြသခြင်းဖြင့် ပြည်သူများ လုံခြုံစိတ်ချမှု ရရှိစေပါလိမ့်မယ်။
နယ်မြေ အုပ်ချုပ်ရေးကအစပြုလို့ တရားစီရင်ရေး၊ အခွန်၊ ကျန်းမာရေးအထိ အစိုးရတခုအနေ နဲ့ လည်ပတ်နေရတာ တာဝန်ကြီးမားကြောင်း ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ ယန္တရားတွေ တည်ဆောက်နေချိန်မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ ဟာ မေ့လျော့ခံ အကြောင်းအရာ ဖြစ်မသွားသင့်ပါဘူး။ ပိုလို့တောင် အရေးပါအရေးကြီးတဲ့ အကြောင်းအရာတစ်ခုအနေ နဲ့ အမျိုးသမီးတွေ ကို ဦးစားပေး ကာကွယ် ပေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် တစ်ပါတည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။
■ စစ်မှန်တဲ့ တရားမျှတမှု နဲ့ လုံခြုံသော ရခိုင်ပြည်
ပုဏ္ဏားကျွန်းက အမျိုးသမီးငယ်ရဲ့ အသက်ဆုံးရှုံးမှုက ဝမ်းနည်းကြောင်း သဝဏ်လွှာများ၊ လူမှုကွန်ရက် ပေါ်မှာ စာပိုဒ်များအနေနဲ့ သာ ရပ်မသွားစေချင်ပါဘူး။ အခုလိုဖြစ်ရပ်မျိုးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ တွေတွေအခေါ်တွေကို ပြန်လည်ပြင်ဆင်ဖို့ အလေးနက်ဆုံး သတိပေးလိုက်တဲ့ စက်ဆုပ်ဖွယ်ရာ သင်ခန်းစာလို့ ကျွန်မ ယုံကြည်ပါတယ်။ အမျိုးသမီးတွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိစွာ အသက်ရှင်သန်နိုင်တဲ့၊ တရားဥပဒေ စိုးမိုးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှသာ သေဆုံးသွားသူ အတွက် စစ်မှန်တဲ့ တရားမျှတမှုနဲ့ အနာဂတ်အမျိုးသမီးတွေ အတွက် လုံခြုံသော ရခိုင်ပြည်ကို ဖန်တီးပေးနိုင်မယ်လို့ ကျွန်မ အလေးအနက်ထားယုံကြည်ပါတယ်။
■ စာရေးသူ သီရိဟာ ရခိုင်အမျိုးသမီးဖြစ်ပြီး လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးဆိုင်ရာ ဆန်းစစ်ချက် တွေကို ရေးသားခဲ့တဲ့အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်မှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစနစ် လေ့လာခြင်း အထူးပြုမာစတာတန်း တက်ရောက်နေသူလည်း ဖြစ်ပါတယ်။
#SafeArakan #SafeChinland #RakhineState #Ponnagyun #ရခိုင်ပြည် #ပုဏ္ဏားကျွန်း #EndGBV #JusticeForWomen #WomenRights #GenderBasedViolence #VictimBlaming #ကျူးလွန်ခံရသူ #RuleOfLaw #Justice #HumanRights #တရားဥပဒေစိုးမိုးရေး #တရားမျှတမှု #လူ့အခွင့်အရေး #CivilSociety #RevolutionAndSecurity #ULAAA #အရပ်ဘက်အဖွဲ့
