Saturday, August 23, 2025
Home » ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ တပ်အမည်ကို ALPR ဟု ပြောင်းထားကြောင်း ဒေါ်စောမြရာဇာလင်းပြော

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ တပ်အမည်ကို ALPR ဟု ပြောင်းထားကြောင်း ဒေါ်စောမြရာဇာလင်းပြော

0 2

အကွဲကွဲအပြဲပြဲဖြစ်နေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တပ် Arakan Liberation Army (ALA) အမည်ကို ဒေါ်စောမြရာဇာလင်းက Army For Liberation and Peace of Rakhine (ALPR) ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးတပ်မြတ်တော် ဟု အမည်ပြောင်းထားကြောင်း သိရသည်။

ALP ပါတီမှာ ဥက္ကဌနေရာ တာဝန်ယူထားသော ဒေါ်စောမြရာဇာလင်းက မတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ပြန်လည်ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းနား မိန့်ခွန်းတွင် ပြောဆိုထားခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ သုံးနှစ်ပြည့်မှာ ဒေါ်စောမြရာဇာလင်းက ပြောဆိုထားသော မိန့်ခွန်းကို ယမန့်နေ ဧပြီ ၂၃ ရက်နေ့တွင် ALP က လူမှုကွန်ရက် စာမျက်နှာ မှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ ထိုင်းအခြေစိုက်၊ အိန္ဒိယအခြေစိုက်၊ ရခိုင်အခြေစိုက် ဆိုပြီး အဖွဲ့ သုံးခုထက်မနည်း ကွဲပြဲနေကာ ရခိုင်အခြေစိုက် ALP ကို ဒေါ်စောမြရာဇာလင်းက ဥက္ကဌတာဝန်ယူပြီး ဦးဆောင်ကြောင်း သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တပ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA ဟု အမည်ရပြီး ယင်းအမည်ကို ဒေါ်စောမြရာဇာလင်းက သူဦးဆောင်သော ALP ၏ စစ်တပ်အမည်ကို ALPR ဟု ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

“ပါတီ စတင်ဖွဲ့စည်းချိန်က ထားခဲ့တဲ့ တပ်မတော်၏ နာမည် ALA – Arakan Liberation Army အဲဒီတပ်မတော်၏ အမည်ကို ငါတာဝန်ယူပြီးနောက်ပိုင်း နာမည်ပြောင်းလိုက်ခြင်းဖြစ်တယ်။ ALPR – Army For Liberation and Peace of Rakhine လို့ နာမည်ပြောင်းထားကြောင်း ကိုလည်း ဒီနေရာမှာ ရဲဘော်တို့ကို တရားအသိပေး ကြေညာလိုက်တယ်။ ရဲဘော်တို့ လက်မောင်းမှာလည်း ALPR တံဆိပ်တွေ ရောက်ရှိနေပြီဖြစ်တယ်။ ငါတို့ဟာ ပါတီနာမည်၊ တပ်မြတ်တော် နာမည်နဲ့ လိုက်အောင် ပါတီခေါင်းဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ရဲဘော်များ အားလုံး ကောင်းစွာကျင့်ကြံပြီးတော့ ပါတီတိုးတက်ရာတိုးတက်ကြောင်းအတွက် အလုပ်လုပ်ကြသွားဖို့ အထူးမှာကြားလိုတယ်” ဟု ပြောသည်။

သို့သော် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အမည်ကိုမူ ဒေါ်စောမြရာဇာလင်းက ပါတီအမည် ပြောင်းလဲထားခြင်းမရှိသည်ကို တွေ့ရှိရသည်။

ALP ပါတီ ခေါင်းဆောင်ကြီးနှစ်ဦး သဘောထားကွဲလွဲပြီး ပါတီနှစ်ခြမ်းကွဲနေချိန် အစဉ်အလာရှိသော ပါတီ မပျက်စီးစေရန် ဒေါ်စောမြရာဇာလင်းက သူဦးဆောင်ကာ ပါတီအား ပြန်လည်ဖွဲ့စည်း အမည်ပြောင်းလိုက်ရခြင်းဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ပြောကြားထားသည်။

ယခုအသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် ALP/ALPR တပ်သည် ယခင် ဥက္ကဌကြီး ခိုင်မိုးလင်း၏ မိန့်ခွန်းနှင့် ရည်မှန်းချက်များထဲက သွယ်ဖီထားခြင်းမရှိကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

“ငါ၏ ခေါင်းဆောင်မှုကို ခံယူပြီးတော့ ဒီထက်မက ပါတီ တိုးတက်အောင်လုပ်ပြီး ငါတို့ရည်မှန်းရာ ပန်းတိုင်ကို ငါတို့အရောက်ချီတက်ရမယ် ဖြစ်တယ်။ ရခိုင်သားအတွက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရခိုင်သားကို ချစ်ရမယ်။ အဲဒီလိုပဲ ရခိုင်ပြည်အတွက် အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ ခွဲခြားတာမရှိဘဲ ရဲဘော်တို့ ချစ်မှတ်နိုးရမှာဖြစ်တယ်” ဟု သူ့တပ်သားများကို ဒေါ်စောမြရာဇာလင်းက မိန့်ခွန်းပြောကြားထားခြင်းဖြစ်သည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP သည် ရခိုင်ပြည် စစ်တွေမြို့တွင် အခြေစိုက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားကာ မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

သူမဦးဆောင်သော ALP/ALPR တပ် ကို ရခိုင်ပြည်သူအချို့နှင့် လူပုဂ္ဂိုလ်တချို့က ပြည်သူများအား ငွေညစ်တောင်းစားနေသည့် ပါတီ၊ ပြည်သူများအား မတရားဖမ်းဆီး နှိပ်စက်နေသည့်ပါတီ၊ ရခိုင်ပြည်အား ရှုပ်ရှုတ်ခတ်အောင်လုပ်နေသောပါတီဟု စွပ်စွဲပြောဆိုထားကြသည်။

ထိုအချက်များအားလုံးကို ဒေါ်စောမြရာဇာလင်းက ငြင်းပယ်ထားပြီး ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ ကောင်းစားရေးအတွက်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ALP ပါတီသည် သမိုင်းအစဉ်အလာကောင်းပြီး သမိုင်းရှည်လျားသော ပါတီဖြစ်ကြောင်းလည်း တုန့်ပြန်ပြောဆိုထားကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ