Friday, March 6, 2026
Home » ရခိုင်တွင် စပါးပေါ်ပြီဖြစ်သော်လည်း ပြည်ပဝယ်လိုအား မရှိ၍ လယ်သမားများ အခက်ကြုံနေ

ရခိုင်တွင် စပါးပေါ်ပြီဖြစ်သော်လည်း ပြည်ပဝယ်လိုအား မရှိ၍ လယ်သမားများ အခက်ကြုံနေ

1 2.1K

ရခိုင်ပြည်တွင် အောက်တိုဘာကစပြီး စပါးများ ရိတ်သိမ်းနေကြပြီဖြစ်သော်လည်း ရရှိလာသော စပါးများအား ရောင်းမည့်နေရာ မရှိ၍ တောင်သူလယ်သမားများမှာ ဝင်ငွေနည်းပါးသည့် အခက်အခဲဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

ရခိုင်လယ်သမားများမှာ ယခင်က ဘင်္ဂလားဒေ့ရှ်နှင့် ပြည်မဘက် အထူးသဖြင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ပိတ်ဆို့ခံထားရသည့်အတွက် ပြည်ပ ဝယ်လိုအား ပြတ်တောက်သွားကြောင်း လယ်သမားများက ပြောဆိုကြသည်။

အနည်းငယ်သော ပြည်တွင်းဈေးကွက်ကိုသာ မှီခိုနေရပြီး ပြည်ပဝယ်လိုအား လမ်းတစ်ခုပွင့်လာမည်ကို ရခိုင်တောင်သူများက မျှော်လင့်နေကြသည်။

မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက “အခုရိုးရိုးစပါးတွေက ရိတ်သိမ်းနေတယ်။ စပါးပေါ်လာလို့ ရိတ်သာရိတ်နေရတာ ဝယ်မယ့်သူလည်းမရှိပါဘူး။ စပါးရောင်းချင်ရင် စပါးဝယ်ရောင်းလုပ်သူတွေကို ကိုယ့်စပါးကို ဝယ်ပါ ဝယ်ပါဆိုပြီး အထပ်ထပ်ခါခါသွားပြောရတာ” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်သို့ ရခိုင်က ဆန်စပါးများအား တင်သွင်းရောင်းချနိုင်ရန် အာရက္ခတပ်တော် တာဝန်ရှိသူများမှ ကြိုးပမ်းနေကြသော်လည်း လတ်တလောတွင် အဆင်မပြေသေးကြောင်းလည်း စုံစမ်းသိရသည်။

ဆန်စပါး ဝယ်လိုအား မရှိခြင်းကြောင့် လယ်သမားများမှာ ရင်းနှီးခဲ့ကြသည့် စိုက်ပျိုးစရိတ် ကုန်ကျငွေကိုပင် ပြန်လည်ရရှိနိုင်ရန် အလွန်ခက်ခဲနေကြသည်ဟု ကျောက်တော်ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

အနှစ်ကလိုပဲ စပါးတွေ တင်ကျန်အုံးမယ်ထင်တယ်။ စပါးပေါ်တာ တစ်လနီးပါးလောက်ရှိလာပြီး အခုထိ ရောင်းမထွက်သေးဘူး။ ကျနော်တို့ လယ်သမားတွေဆိုတာ စပါးစိုက်မယ်။ ရလာတဲ့ စပါးတွေကို ရောင်းမယ်။ ဒါနဲ့ပဲ စားဝတ်နေရေး၊ ကလေးတွေ ပညာရေး၊ ကျန်းမာရေးကို ထောက်ပံ့နေရတာ။ အခု စပါးမရောင်းရဘူးဆိုတော့ ဘယ်ကပိုက်ဆံနဲ့ မိသားစုစားဝတ်နေရေး လည်ပတ်ကြမလဲ။ လမ်းကြောင်းတစ်ခုတော့ ပွင့်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဆန်စပါး ဝယ်ရောင်းလုပ်ကိုင်ကြသည့် ဆန်စပါးကုန်သည်များမှာလည်း ပြည်ပဈေးကွက်မရှိ၍ လယ်သမားများထံမှ စပါးများ ဝယ်ယူပေးနိုင်ခြင်းမရှိကြောင်း ပြောဆိုကြသည်။

ရခိုင်ဒေသခံ ဆန်စပါးကုန်သည်တစ်ဦးက “ဒေသတွင်းမှာပဲ ဆန်က ရောင်းနေရပါတယ်။ ဒါပေမယ့် ထွက်တဲ့စပါးက ဒေသတွင်းစားသုံးတာထက် ပိုလျှံတာပေါ့လေ။ ကျနော်တို့မှာလည်း ပြည်ပဈေးကွက်မရှိတော့ ဘယ်နေရာသွားရောင်းရမှန်း မသိဘူး။ နေရာလည်းမရှိဘူးဆိုတော့ လယ်သမားတွေဆီက စပါးအကုန်လုံးကို မဝယ်ယူနိုင်ကြဘူးလေ။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဘက်တွေကို တင်ပို့လို့ရရင် သိပ်ကောင်းမှာပါ” ဟု ဆိုသည်။

ရခိုင်နှင့် ထိစပ်နေသော အာရက္ခတပ်တော် AA လှုပ်ရှားရာ မဟာမိတ်ဒေသ ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီဘက်တို့တွင် ရခိုင်ပြည်မှ ဆန်၊ စပါးများအား ရောင်းချနိုင်ရန်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးကြရန် ရခိုင်လယ်သမားများမှ တောင်းဆိုနေကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ