ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် တက္ကသိုလ်ပညာရေး သင်ကြားနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် အထက်တန်းပညာရပ် ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများမှ မျှော်လင့်နေကြကြောင်း သိရသည်။
မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့ပေါ်နှင့် စစ်တွေမြို့ပေါ်ကလွဲပြီး ရခိုင်တစ်ပြည်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
ရခိုင်လွတ်မြောက်နယ်မြေများတွင် အထက်တန်းပညာ ၁၂ တန်း ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ပညာရေးအတွက် အခွင့်အလမ်းမဲ့နေကြသည်ဟု ကျောင်းသား၊ ကျောင်းသူများက ပြောဆိုကြသည်။
တက္ကသိုလ်ပညာရေးနှင့် လူငယ်များအတွက် အခြားသော အဆင့်မြင့်ပညာရေးအတွက် အာရက္ခတပ်တော် AA မှ အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ပုဏ္ဏားကျွန်းမြို့နယ်က ၁၂ တန်းပညာရပ်ပြီးဆုံးထားသူ ကျောင်းသားတစ်ဦးက ပြောသည်။
“ပညာရေးက ၁၂ တန်းပြီးရင် ပြီးပြီဖြစ်နေပါတယ်။ ဒါပြီးရင်တော့ ငါဘာလုပ်မယ် ဘာကို သင်မယ်လို့ ရည်ရွယ်ချက်လည်းထားလို့ မရပါဘူး။ တက္ကသိုလ်ဆိုတာလည်း မျှော်မှန်းလို့မရသလို တခြားအဆင်မြင့်ပညာရေးအတွက်လည်း ဘာမျှော်လင့်ချက်မှ ထားလို့မရဘူး ဖြစ်နေပါတယ်။ တချို့ဒေသမှာ သင်တန်းနဲ့အလုပ် တွဲခေါ်တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ၁၂ တန်းပြီးတဲ့ ကျောင်းသားအားလုံးက ဒါကိုပဲ စုပြုံပြီးလျှောက်ကြရတယ်။ အဲ့အလုပ်သာ မရလိုက်လို့ရှိရင် တခြားဆိုဝာာလည်း မရှိတော့ဘူး” ဟု ဆိုသည်။
တက္ကသိုလ်ပညာရေး ဆက်လက် သင်ကြားခွင့် မရရှိသည့် ကြားကာလအချိန်တွင် ကျောင်းသားလူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိဖြစ်နေသည်ဟု မင်းပြားမြို့ဒေသခံ ကျောင်းသူတစ်ဦးက ပြောသည်။
“၁၂ တန်းပညာရပ်လည်း သင်ယူမှု ပြီးဆုံးသွားပြီ။ တက္ကသိုလ် ပညာရေးလည်း မသင်ကြားရဘူး။ တက္ကသိုလ်မတက်ရလည်း အလုပ်ထွက်လုပ်မယ်ဆိုလည်း အလုပ်ကလည်းမရှိဘူး။ အထက်တန်းပညာ ပြီးဆုံးထားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘာလဲဆိုတာ တိတိကျကျ ရှိမနေဘူး။ ပညာလည်း ဆက်လက်မသင်ကြားရ၊ အလုပ်လည်းမရှိဘူးဆိုတော့ ကျနော်မတို့ လူငယ်တွေ ဘာတွေ လုပ်ကြမှာလဲပေါ့။ တစ်ရက်တစ်ရက် အဲဒါစဉ်းစားရင်း ခေါင်းတွေပါကိုက်တယ်” ဟု ပြောသည်။
ထိုကဲ့သို့ အထက်တန်းပညာရေးဖြင့် လမ်းဆုံးနေသော ကျောင်းသားလူငယ်များ၏ ရှေးရေးကိုတွေး၍ ရင်မောလျှက်ရှိနေကြသည်ဟု မြောက်ဦးဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“တစ်ယောက်က စစ်ရေးတွေကြောင့် တက္ကသိုလ် ဒုတိယနှစ်နဲ့ ရပ်ထားလိုက်ရတယ်။ ဒီမှာ လွတ်မြောက်နယ်မြေမှာ ဆက်တက်ဖို့က ကျောင်းမရှိဘူး။ ရန်ကုန်ဘက် သွားဖို့ကလည်း လမ်းကြောင်းမကောင်းဘူးလေ။ ခွင့်လည်းမပြုဘူးဆိုတော့။ သားသမီး ပညာရေးအတွက် ရင်ပူနေရပါတယ်။ အခု နောက်တစ်ယောက်က ၁၂ တန်းအောင်ပြီ။ ဒီအတိုင်းရပ်နေရတာပဲ။ သူလည်း ဘာဆက်လုပ်ရမှန်း မသိဘူး။ ကိုယ်လည်း ဘာဆက်လုပ်ပေးရမှန်း မသိတော့ဘူး။ ကလေးတွေပညာရေးအတွက်က တွေးပြီးရင်မောနေရတာပဲ” ဟု ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသော မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့တို့တွင် တက္ကသိုလ်ပညာရေးက ဆက်လက် လည်ပတ်နေသော်လည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ဒေသများတွင် တက္ကသိုလ်ပညာရေးက ရပ်တန့်နေသည်။
ဩဂုတ်လ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၁၂ တန်းပညာပြီးဆုံထားသော ရခိုင်ပြည်မှ ကျောင်းသားလူငယ်များအတွက် အဆင့်မြင့်တက္ကသိုလ်ပညာသင်ကြားခွင့် ရရှိရေး စီစဉ်ဆောင်ရွက်နေသည်ဟု ပြောခွင့်ရ ဦးခိုင်သုခက ကတိပေး ပြောဆိုသွားသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ရခိုင်လွတ်မြောက်နယ်မြေအတွက် တက္ကသိုလ်ပညာရေးမှာ ဖြစ်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။
