Monday, March 2, 2026
Home » ဘီလီယံနှင့်ချီ အကျိုးအမြတ်ရနေသော တရုတ်အနေဖြင့် ကျောက်ဖြူစစ်ရှောင်များအား ကူညီထောက်ပံ့ရန် လိုအပ်ဟု စစ်ရှောင်ကူညီနေသူများပြော

ဘီလီယံနှင့်ချီ အကျိုးအမြတ်ရနေသော တရုတ်အနေဖြင့် ကျောက်ဖြူစစ်ရှောင်များအား ကူညီထောက်ပံ့ရန် လိုအပ်ဟု စစ်ရှောင်ကူညီနေသူများပြော

1 2.1K

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင်ရှိသော စီမံကိန်းများမှ ဒေါ်လာဘီလီယံနှင့်ချီ အကျိုးအမြတ် ရရှိနေသော တရုတ် အစိုးရအနေဖြင့် ဒေသခံ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့သင့်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနောင်သူများက ပြောဆိုနေကြသည်။

ကျောက်ဖြူကထွက်သော ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ အကျိုးအမြတ် ရရှိနေသော တရုတ်အစိုးရအနေဖြင့် ကျောက်ဖြူဒေသခံများ ဒုက္ခသည်ရောက်နေချိန် မသိကျိုးကျွံ မပြုလုပ်သင့်ကြောင်း ကျောက်ဖြူစစ်ရှောင်များအား ကူညီနေသည့် Triple•T က ပြောသည်။

ပြည်သူ့အတွက်ပြည်သူ Triple•T တည်ထောင်သူ Victor က “တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူမှာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပြီးတော့ အဲဒီကရနေတဲ့ အကျိုးအမြတ်တွေကို ယူနေပြီးတော့ ဒုက္ခရောက်နေတဲ့ ကျောက်ဖြူဒေသခံတွေကို ဘာတစ်ခုမှ မကူညီဘဲနဲ့ မသိကျိုးကျွံပြုနေတာကတော့ မတရားရာ ကျပါတယ်။ ကျောက်ဖြူကရတဲ့ အကျိုးအမြတ်တွေကို ယူပြီး ကျောက်ဖြူပြည်သူ ဒုက္ခရောက်နေတဲ့အချိန်မှာ အကြမ်းဖက် စစ်ကောင်စီကို ဘက်လိုက်ပြီးတော့ ပြည်သူတွေကို မကြည့်တာက မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်တွင် အိုးအိမ်စွန့်ခွာရသည့် စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါးရှိပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများမှာ နေထိုင်ရေး၊ အစားအစာနှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

အဓိကတော့ လုံခြုံတဲ့ နေရာ လိုအပ်နေပါတယ်။ အစားအစာ၊ ဆေးဝါး နောက်ဆုံးပြောရရင် ကလေးငယ်တွေအတွက် အနှီးတွေပါ လိုအပ်နေပါတယ်။ ဒုက္ခသည်တွေမှာ နေအိမ်စွန့်ခွာလာရတာ ဘာမှ ပါလာတာမဟုတ်ဘူး။ အိုးတွေခွက်တွေလည်း မယူခဲ့ရဘူး။ ဒီရက်ပိုင်းမှာလည်း ကျေးရွာ ၂၀ ထက်မနည်းက လူပေါင်း ၃ ထောင်လောက်ဟာ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စားစရာမရှိ၊ နေစရာမရှိဘဲ အခက်အခဲဖြစ်နေကြပါတယ်။ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူများအား တရုတ်အစိုးရမှ ကူညီထောက်ပံ့မှု တစ်ခုမှ မရှိသေးကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှု ပြုလုပ်ပေးသင့်သည်ဟု Triple•T က ထောက်ပြထားသည်။

ယင်းအပြင် တရုတ်အစိုးရအနေဖြင့် နေ့စဉ်နှင့်အမျှ ပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေသော စစ်ကောင်စီကိုလည်း ဖိအားပေး တားဆီးဟန့်တားပေးရန် လိုအပ်သလို စစ်ကောင်စီကိုပဲ ဘက်မလိုက်ဘဲ ပြည်သူများကိုလည်း စာနာထောက်ထားမှု လုပ်ဆောင်ပေးသင့်သည်ဟု စစ်ရှောင်အရေးလှုပ်ရှားနေသူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ထုတ်ယူသော ကမ်းလွန်လုပ်ကွက်များမှာ တနင်္သာရီနှင့် ရခိုင်ကမ်းလွန်တို့တွင် ရှိကြပြီး ၂၀၂၀ − ၂၀၂၁ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှနေ၍ ကျပ်ဘီလျံ ၂,၃၀၅ ရရှိခဲ့သည်။ ထိုပမာဏသည် ဒေါ်လာသန်း ၁၅၀၀ ခန့်ရှိပြီး နိုင်ငံ့ဝင်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလက ထုတ်ပြန်သော Arakan Oil Watch (AOW)၏ အစီရင်ခံစာတွင် ရခိုင်ရှိ ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် တန်ဖိုးငွေအားဖြင့် နှစ်စဉ် ဒေါ်လာ ၇ ဘီလီယံ အထိ တင်ပို့ရောင်းချရပြီး ယင်းအထဲက ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ကို စစ်ကောင်စီက နှစ်စဉ် ရရှိနေသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်တွင် လူနေကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံပြည်သူများအား အကြမ်းဖက်မှု ကျူးလွန်နေသည်ဟု သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ