Monday, March 2, 2026
Home » မြောက်ဦးဆေးရုံဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ကွယ်လွန်သွား၍ ပုဏ္ဏားကျွန်းက ကလေးငယ် ၄ ဦး မိဘမဲ့ဖြစ်သွားရ

မြောက်ဦးဆေးရုံဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ကွယ်လွန်သွား၍ ပုဏ္ဏားကျွန်းက ကလေးငယ် ၄ ဦး မိဘမဲ့ဖြစ်သွားရ

0 62.3K

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညက မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် မိဘနှစ်ပါးလုံး သေဆုံးသွား၍ ပုဏ္ဏားကျွန်းမြို့နယ်က အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးမှာ မိဘမဲ့ဖြစ်သွားကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးခင်အေးမောင်နှင့် အသက် ၃၆ နှစ်အရွယ် ဒေါ်နုနုရီတို့ ဇနီးမောင်နှံတို့မှာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေစဉ် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ခံရ၍ သေဆုံးသွားခဲ့ရကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနုနုရီက ဝမ်းဗိုက်မှာ ကျောက်တည်လို့ဆိုပြီး မြောက်ဦးဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။ ဦးခင်အေးမောင်က လူနာစောင့်အနေနဲ့ ရှိနေတာပါ။ မနက်မိုးလင်းရင် ခွဲစိတ်ဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် ည မှာ ဆေးရုံဗုံးကြဲခံရတော့ သူတို့နှစ်ဦးလုံး သေဆုံးသွားခဲ့ရပါတယ်။ သူတို့ လင်မယားနဲ့အတူ နောက်ထပ် လူနာစောင့် အဒေါ်ဖြစ်သူလည်း သေဆုံးသွားခဲ့ပါတယ်။ မနုနုရီနဲ့ ဦးခင်အေးမောင်တို့မှာ သားသမီး ၄ ယောက် ကျန်ခဲ့ပါတယ်။ အခု အဲကလေးတွေ အခု မိဘမဲ့ ဖြစ်သွားရပါတယ်” ဟု ၎င်းက ပြောသည်။

ဦးခင်အေးမောင်နှင့် ဒေါ်နုနုရီတို့မှာ ကျန်ရစ်ခဲ့သော သားသမီး ၄ ဦးမှာ အသက် ၁၇ နှစ်အရွယ် သားကြီး မောင်မိုးဇော်ဦး၊ အသက် ၁၃ နှစ်အရွယ် သမီးကြီး မစုစုနွယ်၊ အသက် ၆ နှစ်အရွယ် သမီးလတ် မစုစုမွန်နှင့် အသက် ၁ နှစ်နှင့် ၆ လအရွယ် သမီးငယ် မဝိုင်းစုစံ တို့ဖြစ်ကြသည်။

“ကလေးတွေ အခု အကူအညီ လိုအပ်နေပါတယ်။ သူတို့ဘဝ ရှေ့ရေးအတွက် ဘယ်လို အစီအစဉ်တွေ ဖြစ်လာမလဲ ကျနော်လည်း မသိသေးပါ။ အခု လောလောဆယ်တော့ ငွေကြေးထောက်ပံ့မှု အကူအညီလိုအပ်နေပါတယ်။ သားကြီးဖြစ်သူက နိုင်ငံရပ်ခြားမှာလို့ သိရပါတယ်။ ဒီမှာ‌တော့ ညီအစ်မ သုံးယောက်ပါ” ဟု PYA တာဝန်ရှိသူက ဆိုသည်။

မြောက်ဦးပြည်သူ့ဆေးရုံကြီး အပါအဝင် အရပ်သားပြည်သူများအား လေကြောင်းဗုံးကြဲ သတ်ဖြတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA အနေဖြင့်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ၎င်းက ပြောသည်။

“စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ စစ်သဘောသဘာဝ စစ်သားချင်းချင်း တိုက်တာက တိုက်လို့ရပါတယ်။ ဒါပေမယ့် လူနေအိမ်တွေကို ဗုံးကြဲတဲ့အပြင် အရပ်သားပြည်သူတွေ ဆေးကုသမှု ခံယူနေတဲ့ နေမကောင်းဖြစ်လို့ ဆေးရုံသွားတက်ပါတယ်ဆိုမှ ဆေးရုံကို ဗုံးကြဲလို့ သေသွားရပါတယ်။ ဒီလို လုပ်ရပ်တွေက လုံးဝ လူသားမဆန်ဘူး။ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို လူသားအသိုင်းအဝိုင်းမှာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ပြောချင်ပါတယ်” ဟု PYA တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးမှာ အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရသလို ရခိုင်ပြည်အနှံ့မှ ဆေးကုသမှု ခံယူလျက်ရှိသော လူနာ စုစုပေါင်း ၃၃ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇၇ ဦးရှိကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့နယ် င/လုံးစု အထက်ရွာနှင့် အောက်ရွာကို အာဏာသိမ်း စစ်ကောင်စီမှ ဒီဇင်ဘာလ ၁၁ ရက် ညနေ ၈ နာရီခန့်အချိန်တွင် ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားပြီး ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိခဲ့သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်မှ အရပ်သားပြည်သူများ နေထိုင်ရာ အင်တိုင်းကြီးကျေးရွာ၊ ကျောက်ကလေကျေးရွာနှင့် မင်းရပ်ကျေးရွာတို့ကို စစ်ကောင်စီက အသေခံဒရုန်းများဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ဒရုန်းဗုံးသီးများကြောင့် အင်တိုင်းကြီးရွာမှ ဘုန်းတော်ကြီးကျောင်းနှင့် ကျောက်ကလေကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတို့မှာ ခေါင်မိုးနှင့် နံရံများ ပြိုကျပျက်စီးခဲ့ရပြီး မင်းရပ်ကျေးရွာမှ မူလတန်းစာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။

မင်းရပ်ကျေးရွာမှ စာသင်ကျောင်းတွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေရာဖြစ်ပြီး အချိန်မီ ထွက်ပြေးနိုင်ခဲ့၍ စစ်ကောင်စီ ဒရုန်းဗုံးသီးကြောင့် ပြည်သူများ ထိခိုက်မှု မရှိခဲ့ပေ။

နောက်ဆုံး သတင်းများရယူလိုက်ပါ