အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ စစ်ကျန်လက်နက် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်၍ ကလေးတစ်ဦး သေဆုံးပြီး ၂ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဂွဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ကလေးငယ် ၃ ဦးသည် တောင်ပေါ်သို့ သွားရောက်ခဲ့ရာမှ စစ်ကျန်လက်နက်ပစ္စည်းကို ကောက်ယူရာ ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖြစ်သည်။
စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက “ကလေး သုံးယောက်က တောင်ပေါ်သွားကြတာပါ။ အဲ့ဒီမှာ လက်ကျန် ဗုံးသီး တစ်လုံးကောက်ရလာတယ်လို့ပြောတယ်။ အဲ့ဒီမှာ ဆော့ကစားရာကနေ လက်ကနေ မတော်တဆ ပြုတ်သွားတာလို့ပြောတယ်။ ကလေးငယ်တစ်ယောက် ဆုံးပါတယ်။ နှစ်ယောက် ထိခိုက် ဒဏ်ရာ ရပါတယ် “ဟုပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကျိန္တလီမြို့က အသက် ၁၄ နှစ်ရွယ်ရှိ ကိုအောင်သူစိုး၊ အသက် ၁၃နှစ်အရွယ်ရှိ နေမျိုးကျော် (ခ) အလင်းဆက် တို့ဖြစ်ကြကြောင်း ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့ က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအား ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ဆေးကုသမှု့ခံယူနိုင်ရန် ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း မြို့နယ်များတွင် နှစ်ဖက်လက်နက်ကိုင်များက ထောင်ထားခဲ့သော စစ်ကျန်လက်နက် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူများမှာ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ရှိနေကြသည်။
ပလက်ဝအပါအဝင် ရခိုင်တွင် စစ်ကျန်လက်နက်၊ မြေမြှုပ်မိုင်းအန္တရာယ်ကို တောင်ယာလုပ်ကိုင် နေသူများနှင့် ဟင်းရှာ၊ ငါးရှာသွားကြသည့် ဒေသခံများ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။
မိုင်းရှင်းလင်းရေးနှင့် မိုင်း အသိပညာပေး ဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို အာရက္ခတပ်တော် AA အနေဖြင့် ယခုထက် ပိုမို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပြည်သူများက ပြောဆိုသည်။
ပုံစာ- ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ စစ်ကျန်လက်နက် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်၍ ထိခိုက် ဒဏ်ရာရရှိသွားခဲ့သူများ၊ ဓာတ်ပုံ – ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့
