Monday, March 2, 2026
Home » စစ်တွေမြို့တွင် AFP ပါတီ မဲဆွယ်ပွဲ မြို့ခံလူထု တက်ရောက်ခြင်းမရှိဟုဆို

စစ်တွေမြို့တွင် AFP ပါတီ မဲဆွယ်ပွဲ မြို့ခံလူထု တက်ရောက်ခြင်းမရှိဟုဆို

3 9.8K

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ AFP က ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြသည်။

ဒေါက်တာအေးမောင်က ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောခဲ့သလို ဝင်ရောက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်လည်း မိတ်ဆက်ပေးခဲ့သည်။

ယင်းတွေ့ဆုံပွဲ လူပေါင်း ၃၀၀ ကျော် တက်ရောက်မှုရှိခဲ့သော်လည်း ၎င်းတို့မှာ စစ်တွေမြို့ခံပြည်သူလူထုများ မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူများသာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“ဒေါက်တာအေးမောင် ပါတီ AFP က မနေ့က ဝင်္ကဘာကွင်းမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ဟောပြောပွဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တွေမြို့ခံပြည်သူတွေ မသွားကြဘူး။ သွားတဲ့သူတွေက ဒေါက်တာအေးမောင်က အရင်ကတည်းကနေ စစ်ရှောင်စခန်းတွေကနေ ခေါ်ထားတဲ့ လူတွေပဲ ဖြစ်တယ်။ စစ်ရှောင်တွေကို ပါတီအင်္ကျီတွေကို ဝတ်ခိုင်းပြီး တွေ့ဆုံပွဲကို လာဖို့ မှာထားတဲ့ သူတွေပဲ ဖြစ်တယ်။ မြို့ခံလူထုက မသွားကြဘူးဆိုတာ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ မလုပ်ဘူးဆိုတာ ပြသလိုက်တာပါပဲ” ဟု ပြောသည်။

ဒေါက်တာအေးမောင်၏ လူထုတွေ့ဆုံပွဲတွင် တက်ရောက်ကြသည့် ပြည်သူများမှာ စစ်တွေမြို့ ကျေးလက်ဒေသ အသီးသီးက စစ်ရှောင်နေကြသော ပြည်သူများဖြစ်ပြီး အကူအညီ တောင်းလာလို့သာ လွှတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း စစ်ရှောင်များအား လက်ခံထားသည့် ဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။

“ဟုတ်ပါတယ်။ မနေ့က ဘုန်းတော်ကြီးတွေ သွားကြပါတယ်။ လာတဲ့ လူတွေက စစ်ရှောင်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေကို ဒေါက်တာအေးမောင်က အကူအညီတောင်းတော့ ရင်းနှီးမှုတွေနဲ့ စစ်ရှောင်တွေကို လွှတ်ပေးလိုက်တာပါ။ စစ်ရှောင်တွေက ရွေးကောက်ပွဲ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် စားနပ်ရိက္ခာတွေ အကူအညီရမလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သွားကြတာပါ” ဟု ပြောသည်။

တွေ့ဆုံပွဲတွင် ဒေါက်တာအေးမောင်က သူ့ပါတီ AFP မှ ဝင်အရွေးခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲထည့်ပေးကြရန် စည်းရုံးပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Screenshot

“ပြောတာကတော့ သူ့ပါတီကို မဲထည့်ပေးဖို့ပါပဲ။ သူပြောတာက သူဟာ ရခိုင်ပြည်ရဲ့ လက်ရှိ အခြေအနေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ သွားသင့်တယ်။ စစ်ရေးနဲ့ မဖြေရှင်းသင့်ဘူးလို့ ပြောတယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ သွားဖို့အတွက် အခုလို ရွေးကောက်ပွဲ ဝင်ပြိုင်ရတာလို့ ပြောတယ်။ ဒါ့ကြောင့် ရခိုင်ပြည်ဟာ တည်ငြိမ်အေးချမ်းဖို့အတွက် သူ့ပါတီကို မဲထည့်ပေးဖို့ ပြောသွားပါတယ်။ ကျမကတော့ ဘယ်သူ့ကို ဘယ်ပါတီကို မဲထည့်ရမလဲ မစဉ်းစားရသေးဘူး။ စခန်းက သွားလိုက်ဆိုလို့သာ သွားလိုက်တာပါ” ဟု ပြောသည်။

ဒေါက်တာအေးမောင်က သူ့ကိုယ်သူ အမျိုးသားလွှတ်တော်က ဝင်အရွေးခံမည်ဟု ပြောကြားခဲ့ပြီး ဦးသိန်းထွန်းဦးမှာ ပြည်နယ်လွှတ်တော်က အရွေးခံမည်ဟု ဆိုသည်။

နောက် ဒေါ်စိန်ကျော့နုမှာ PR – အမျိုးသားလွှတ်တော်၌ ဝင်အရွေးခံမည်ဖြစ်ပြီး ဦးစောမြင့်ထွန်းမှာ PR – ပြည်နယ်လွှတ်တော်တွင် ဝင်အရွေးခံမည်ဟု ပြောသည်။

Screenshot

လူထုတွေ့ဆုံပွဲကို ရခိုင့်ဦးဆောင်ပါတီ AFP သည် နေ့လယ် ၂ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် ဟောပြောပွဲအား အဆုံးသတ်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရခိုင့်ဦးဆောင်ပါတီ AFP အပါအဝင် ဦးဘရှိန်ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ RNP နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့က ပြည်သူများအား မဲဆွယ်စည်းရုံးရေး ပြုလုပ်နေကြကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ