Monday, March 2, 2026
Home » ရခိုင်တိုက်ပွဲတွင် အမိန့်မနာခံမှုဖြင့် စစ်ကောင်စီက ဗိုလ်ကြီး ၃ ဦးနှင့် ဗျူဟာမှူး ၁ ဦးတို့ကို သေဒဏ်ချမှတ်ထား

ရခိုင်တိုက်ပွဲတွင် အမိန့်မနာခံမှုဖြင့် စစ်ကောင်စီက ဗိုလ်ကြီး ၃ ဦးနှင့် ဗျူဟာမှူး ၁ ဦးတို့ကို သေဒဏ်ချမှတ်ထား

3 54.1K

အာရက္ခတပ်တော် AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲများတွင် အမိန့်မနာခံဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီသည် ရေတပ်ထဲက ဗိုလ်ကြီး ၁ ဦးနှင့် ကြည်းတပ်က ဗျူဟာမှူးတစ်ဦး အပါအဝင် ဗိုလ်ကြီး ၃ ဦး စုစုပေါင်း ၄ ဦးကို သေဒဏ်ချမှတ်ထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်တွေအခြေစိုက် ဒကစ (စစ်တွေ) လက်အောက်ခံ ခလရ ၂၀ မှ ဗိုလ်ကြီးတစ်ဦး၊ ခလရ ၂၇၀ မှ ဗိုလ်ကြီးတစ်ဦး၊ မင်းပြားဗျူဟာမှ ဗျူဟာမှူး တစ်ဦးနှင့် ဟိုင်းကြီးကျွန်း ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ရခိုင်ဘက် တာဝန်ကျသည့် ရေတပ် ဗိုလ်ကြီး တစ်ဦး စုစုပေါင်း ၄ ဦးမှာ ရခိုင်တိုက်ပွဲအတွင်း အမိန့်မနာခံမှုဖြင့် သေဒဏ် ချမှတ်ခံထားရသည်။

၎င်းတို့၏ အမည်များ၊ ကိုယ်ပိုင်နံပါတ်များနှင့် စစ်သင်တန်းဆင်း အပတ်စဉ်များကို Western News က သိရှိထားသော်လည်း ကျန်ရှိခဲ့သော မိသားစုဝင်များကို စစ်ကောင်စီက အန္တရာယ်ပေးမည်စိုး၍ သတင်းရင်းမြစ်က ဖော်ပြခွင့်မပြုရန် တောင်းဆိုထားသည်။

ခလရ ၂၀ က ဗိုလ်ကြီး၊ ခလရ ၂၇၀ မှ ဗိုလ်ကြီး၊ မင်းပြားဗျူဟာမှူး တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စစ်တွေရှိ စစ်တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်တွေတပ်တွင်း ထိပ်ပိုင်း စစ်တပ်အရာရှိတစ်ဦးက ပြောသည်။

“သူတို့ကို သေဒဏ်ချမှတ်ပြီး နောက်တစ်နေ့မှာပဲ စစ်တွေကပဲ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ခေါ်သွားတယ်။ သူတို့ကို ဘယ်မှာ အကျဉ်းချထားလဲ။ အခုလောက်ဆို သေသွားပြီလား၊ ဘာလား ကျနော်လည်း အတိအကျတော့ မသိဘူး။ သေဒဏ်ကတော့ မသေမချင်း ကြိုးကွင်းစွပ် သတ် ပြစ်ဒဏ်ဖြစ်ပါတယ်”ဟု ပြောသည်။

ဟိုင်းကြီးကျွန်း ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ရခိုင်ဘက် စစ်ဆင်ရေး တာဝန်ကျသည့် ရေတပ်မှ ဗိုလ်ကြီး စစ်ရေယာဉ်မှူးကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စစ်တွေရှိ စစ်တရားရုံးတွင် သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီဗိုလ်ကြီးက ကျောက်တော်တိုက်ပွဲမှာ တပ်ပြန်ဆုတ်လာတဲ့ စစ်သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ဖို့ တာဝန်ဖြစ်တယ်။ ကျောက်တော်တပ်မက တပ်ဖွဲ့ဝင်တွေဟာ စစ်သင်္ဘော ၃, ၄ စီးနဲ့ တပ်ဖွဲ့ဝင် ၈၀၀ လောက်ရှိမယ် ကုလားတန်မြစ်ကြောင်းတစ်လျှောက် တပ်ဆုတ်လာတဲ့အချိန် AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံရတယ်။ အဲ့အချိန်မှာ တပ်ဖွဲ့ဝင်တွေကို ကယ်ဖို့ လူ ၅၀ ဆန့်တဲ့ စစ်ရေယာဉ် အငယ်တစ်စီးနဲ့ စေလွှတ်ခံရတယ်။ လမ်းတစ်ဝက်မှာပဲ အင်ဂျင်နှစ်လုံးမှာ တစ်လုံးက ပျက်သွားတော့ ရှေ့သွားလို့မရတော့ဘဲ ပြန်လှည့်လာခဲ့လို့ တပ်ဖွဲ့ဝင်တွေကို မကယ်ခဲ့တဲ့အတွက် အမိန့်မနာခံလို့ဆိုပြီး သေဒဏ် ချမှတ်လိုက်တာဖြစ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရေတပ် ဗိုလ်ကြီး စစ်ရေယာဉ်မှူးမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းတွင် AA တိုက်ခိုက်ခြင်းကို ခံနေရသော ကုလားတန်မြစ်ကြောင်းက စစ်သင်္ဘောများမှ တပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် အထက်အမိန့်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အင်ဂျင်တစ်လုံး ပျက်သွားခြင်း၊ စစ်ရေယာဉ်ပါ လက်နက်များမှ AA ၏ လက်နက်ကို မယှဉ်နိုင်ခြင်းနှင့် AA ကလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်လာ၍ ရှေ့မဆက်နိုင်တော့ဘဲ လမ်းတစ်ဝက်မှာတင် ပြန်လှည့်လာခဲ့သည့်အတွက် အမိန့်မနာခံမှု၊ သူရဲဘောကြောင်မှု စသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်မှာ စစ်ရေယာဉ်မှူးကို သေဒဏ် ချမှတ်တယ်။ သူ့ရဲ့ လက်ထောက် ရေတပ်အရာရှိတစ်ဦးကိုတော့ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တယ်။ သူတို့က အခု စစ်တွေ အကျဉ်းထောင်ထဲမှာ ရှိနေပါသေးတယ်။ မသေမချင်း ကြိုးကွင်းစွပ် သတ် ပြစ်ဒဏ် ကျထားပေမယ့် အခုထိတော့ မသတ်သေးဘူး။ စစ်တွေ အကျဉ်းထောင်မှာပဲ အကျဉ်းချထားတယ်လို့ သိရတယ်” ဟု ပြောသည်။

Western News ၏ စုံစမ်းချက်အရ ရခိုင်တိုက်ပွဲအတွင်း အမိန့်မနာခံမှုဖြင့် သေဒဏ် ချမှတ်ခံထားရသူ ၇ ဦးထက်မနည်းနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူ အနည်းဆုံး ၃ ဦးထက်မနည်းရှိပြီး ယင်းအထဲက သေဒဏ်ချမှတ်ခံထားရသော ဗိုလ်ကြီး ၄ ဦးနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူ ရေတပ် လက်ထောက် အရာရှိ ၁ ဦးတို့၏ အချက်အလက်များကို ရရှိထားခြင်းဖြစ်သည်။

သေဒဏ် ချမှတ်ခံထားရသူများမှာ ၂၀၂၄ ခုနှစ် ဇွန်လ ကတည်းက ၎င်းတို့၏ မိသားစုဝင်များနှင့် ယနေ့အချိန်အထိ တစ်ကြိမ်တစ်ခါမှ တွေ့ခွင့် မရသေးသလို တစ်ချို့ မိသားစုများမှာ သေဒဏ်အမိန့် ချခံထားရသည်ကို သိရှိထားကြသည် စုံစမ်း သိရသည်။

အာရက္ခတပ်တော် AA မှ ကျောက်တော်မြို့နှင့် ကျောက်တော်တပ်မ သိမ်းတိုက်ပွဲတွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်သင်္ဘော ၃, ၄ စီးဖြင့် တပ်ဆုတ်လာသော တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လူ ၅၀ ဆန့် စစ်ရေယာဉ် အငယ်ဖြင့် ကယ်ထုတ်ခိုင်းသည့် ဖြစ်စဉ် အသေးစိတ်ကို Western News မှ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ