Tuesday, March 3, 2026
Home » ဂျက်ကလေး (သို့မဟုတ်) ဒုတိယမြောက် Aylan Kurdi (ဆောင်းပါး)

ဂျက်ကလေး (သို့မဟုတ်) ဒုတိယမြောက် Aylan Kurdi (ဆောင်းပါး)

0 23

ဗုဒ္ဓရဲ့ အဆိုရ လူ့ဘဝဟာ အလွန်ရခဲလှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူ့ဘဝကိုသူ အရောက်လာနိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေး ကြေငြာစာတမ်း ပထမဆုံးအချက်မှာ “လူတိုင်းမွေးဖွား လာကတည်းက တူညီသော လူ့ဂုဏ် သိက္ခာနှင့် အခွင့်အရေးရှိသည်”လို့ဆိုပါတယ်။ ဒါပေမယ့် မောင်အောင်လင်းဟိန်းခေါ်တဲ့ ကလေးတစ်ယောက်နဲ့ သူ့မိသားစုဝင်တွေအတွက် ဒီအခွင့်အရေးတွေ ရှိမနေခဲပါဘူး။

လွမ်းမောဆွတ်ပျံ့ဖွယ်ကောင်းတဲ့ မြောက်ဦးဆောင်းရဲ့ တစ်နေ့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သူ့ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ သို့သော် သာမန်ရခိုင်ကလေးတစ်ဦးမွေးဖွားသလိုမျိုး ဧည့်သည်တွေကိုဖိတ်၊ မုန့်တီ အာပူလျာပူကျွေးမွေး။ အမျိုးသမီးတစ်စုက ကလေးနဲ့မီးဖွားပြီးစ မိခင်အနားမှာ ကူညီစောင့်ရှောက်။ ကလေး အဖေဟာ သားဦးယောက်ျားလေးမွေးဖွားတဲ့အတွက် ဂုဏ်ယူစွာနဲ့ အပေါင်းအသင်းတွေရှေ့ဝင့်ကြွား၊ စတဲ့ သာမန် ရခိုင်ကလေးတစ်ဦးရဲ့ မွေဖွားမှုစံနှုန်းတွေကို သူ မရရှိခဲ့ပါဘူး။ သူရရှိခဲ့တာဟာ စစ်ကောင်စီရဲ့ ဗုံးကြဲချသံ၊ ဗုံး ပေါက်ကွဲမှုတွေကြောင့် ထွက်ပေါ်လာသံတွေကသာ သူ့ကိုကြိုဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် စစ်ကောင်စီလေကြောင်းကနေ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို တစ်ပြိုင်းတည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၇ ဦး ရှိခဲ့စဉ်

 ဒီဇင်ဘာရဲ့ အအေးဒဏ်အောက်မှာ ပူလောင်နာကြင်မှုတွေ၊ သွေးသံတရဲရဲနဲ့ အသက်ပေးသွားရသူတွေ၊ ငိုကြွေး ပူဆွေးမှုတွေ ကသာ သူကိုကြိုဆိုခဲ့ကြတယ်။ သွေးသားနုနယ်ပြီး အားအင်ချိနဲနေတဲ့ အမေဖြစ်သူဟာ မွေးခါစ ကလေးကို ပွေ့ချီပြီး သေမင်းခံတွင်းဝကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့တယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ညနေ ၉ နာရီကျော်အချိန်မှာ လူပေါင်း ၃၀ ကျော်အစုလိုက်အပြုံလိုက် သေပွဲ ဝင်ခဲ့ရတဲ့ မြောက်ဦးဆေးရုံ ဗုံး ကြဲခံရမှုဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ အလွန်ယုတ်မာတဲ့ လုပ်ရပ်တစ်ခုအဖြစ် သမိုင်းသစ်တွင် စေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဗျိုင်းဖြူရွာအစုလိုက်အပြုံလိုက် လူသတ်မှုကြားက ခက်ခဲစွာ ရှင်သန်ထွက်ပြေးလာနိုင်ခဲ့တဲ့ သူ့အမေနဲ့ အဖေဟာ လွတ်မြောက်နယ်မြေ မြောက်ဦးမှာ ဗုံးထိထားတဲ့ ဟိုတယ်ကိုအစောင့်အရှောက်အဖြစ်လုပ်ကိုင်းရင်း ဘဝကို ဖြတ် သန်းခဲ့ကြတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် ဆင်းရဲမှု၊ ခက်ခဲမှုတွေရှိပေမယ့် “သား” ဆိုတဲ့လောဘနဲ့ ရှင်သန် နေထိုင် ခဲ့တယ်။ အရပ်ထဲမှာတော့ သားယောက်ျားလေးရဲ့ မိဘဖြစ်တဲ့အတွက် သာသနာ့ အမွေခံထိုက် သူတွေအဖြစ် ဂုဏ်ယူနိုင်ခဲ့ကြတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဆေးရုံဗုံးကြဲချတဲ့အချိန်မွေးဖွားတဲ့ ကလေးတစ်ဦးဟာ အမေနဲ့အတူ အသက်ဘေး လွတ်မြောက်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ဗုံးကြဲချခံရတဲ့အတွက် သူ့မိခင်၊ ဖခင်တွေနဲ့ အတူ လူ့လောကကြီးက ထွက်ခွာသွားခဲ့ရတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် စစ်ကောင်စီလေကြောင်းကနေ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို တစ်ပြိုင်းတည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၇ ဦး ရှိခဲ့စဉ်

သူ့ကို မွေးတဲ့နေ့မှာ ရခိုင့်တို့ရဲ့ ဂန္တဝင်မြောက်ဦး ကောင်းကင်ဟာ  ဂျက်လေယာဉ်သံ၊ ပေါက်ကွဲသံ၊ သွေးသံရဲရဲတွေ ကြားက ငိုကြွေးကျိန်ဆဲသံတွေ ဆူညံခဲ့ရတယ်။ ဒီအခက်အခဲကြားက လွတ်မြောက်ပြီးနောက်မှာတော့ သူ့ကို အောင်လင်းဟိန်းဆိုတဲ့ အမည်ထက်- ဂျက်ကလေးဆိုတဲ့ အမည်ကို ချစ်စနိုးလေးခေါ်ခဲ့ကြပါတယ်။ သူထွက် သွားခဲ့တဲ့ အချိန်မှာလည်း မြောက်ဦးရဲ့ ကောင်းကင်ယံတွေမှာ ဂျက်လေယာဉ်သံ၊ ပေါက်ကွဲသံ၊ သွေးသံ ရဲရဲတွေ ကြားက ငိုကြွေးကျိန်ဆဲသံတွေ ဆူညံကျန်ရစ်ဆဲပါ။

ဗုံးဒဏ်က လွတ်မြောက်လာတာကြောင့်လဲ သူကို မိခင်ဖခင်နဲ့ ပတ်ဝန်းကပါ အာရုံစိုက်ချစ်ခင်ခဲ့ကြပါတယ်။ အပြစ်ကင်းစင်တဲ့ မွေးကင်းစ ကလေးငယ် ဂျက်ကလေးဟာ အမေ့နို့ကို ဇိမ်ရှိရှိစို့ပြီး ရင်ခွင်မှာ မှေးအိပ်နေခဲ့တယ်။ အမေ့ရဲ့ တတွတ်တွတ် နှုတ်ဆက်သံတွေကို မျက်လုံး ကလေး အဝိုင်းသားနဲ့ ကြည့်နေခဲ့တယ်။ အမေ၊ အဖေတွေရဲ့ ချစ်မဝတဲ့ မေတ္တာတွေနဲ့ အပြစ်ကင်းစွာ ရှင်သန် ရမယ့်ကလေးတစ်ယောက်ဟာ အခုတော့ လောကကြီးက အပြီးပိုင်ထွက်သွားခဲ့ပါပြီ။ သူ့အလောင်းကို ကောက်ယူပွေ့ချီမယ့် အဖေ မရှိတော့ပြီဖြစ်သလို။ သူ့ကို ဖက်ရမ်းငိုကြွေးမယ့် အမေဟာလည်း သူနဲ့အတူထွက်သွားခဲ့ပြီ။ ဂျက်ကလေးဟာ ဒီတကြိမ်မှာ ကံမကောင်းခဲ့တော့သလို အသက်ဘေးက မရမက လွတ်မြောက်လာတဲ့ မိခင်၊ ဖခင်တွေဟာလည်း ကံမကောင်းခဲ့ကြတော့ ပါဘူး။

ဂျက်ကလေးဟာ သူ့အမေ၊ အဖေတွေကိုတောင် မမှတ်မိသေးတဲ့အချိန် လူ့ဘဝရဲ့ ရက်ပေါင်း ၆၀ ဆယ်ကျော် ကျော်လေးမှာ လာရာလမ်းဆီပြန်ခဲ့ရတယ်။ ဝဋ်ကြွေးတစ်ခု၊ ကံအကျိုးပေးတစ်ခုဆိုရင် ဒါဟာ ဂျက်ကလေး အတွက် တရားပါသလား။ မွေးဖွားတဲ့နေ့မှာ ဗုံးကြဲခံရတဲ့ ကလေးဟာ ရက်ပေါင်း ၆၀ အကြာမှာ ထပ်ဗုံးကြဲခံရပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ပွဲကြောင့်လို့ စွပ်စွဲပြောဆိုကြရင် အဲဒီစစ်ပွဲကရော ဂျက်ကလေးအပေါ်မှာ အလွန်ရက် စက်ရာ ရောက်မနေဘူးလား။

၂၀၁၅ ခုနှစ်၊ မြေထဲပင်လယ်ကမ်းခြေမှာ သောင်တင်သေဆုံးနေတဲ့ အနီရောင် အင်္ကျီ၊ အပြာရောင်ဘောင်းဘီ ဝတ်ထားတဲ့ အသက် ၂ နှစ်အရွယ်ဆီးရီးယားကလေး Aylan Kurdi (အိုင်လန် ကာဒီ)ရဲ့ ဓာတ်ပုံဟာ ကမ္ဘာကြီး ကို တုန်လှုပ်စေခဲ့ပါတယ်။ Aylan Kurdi (အိုင်လန် ကာဒီ)ရဲ့ ကြောက်စရာကောင်းတဲ့ ဖြတ်သန်းမှုဟာ ပထမဆုံးဆိုရင် ဂျက်ကလေးရဲ့ လူ့ဘဝဖြတ်သန်းမှုဟာ ဒုတိယမြောက် စွန့်စားမှုဖြစ်ပါတယ်။ Aylan Kurdi (အိုင်လန် ကာဒီ) အတွက် တရားမျှတမှုတချို့ကို တောင်းဆိုရရှိခဲ့ကြပေမယ့် ဂျက်ကလေးနဲ့ သူ့မိသားစုအတွက် တရားမျှမှုကို ဘယ်သူ ဘယ်အဖွဲ့အစည်းကများ တောင်းဆိုပေးကြရှာမလဲ။

ကလေးတစ်ယောက်ရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ အကာအကွယ်ရရှိခွင့်၊ စစ်လက်နက်တွေနဲ့ ပဋိပက္ခတွေကြားက ကင်းလွတ်ခွင့်စတဲ့ အရာတွေအတွက် ဂျက်ကလေးဟာ နုနယ်တဲ့သူ့ဘဝကို အသက်နဲ့ ရင်းပြီး ပြသခဲ့တာဖြစ်တယ်။ ဗုံးဆံ၊ ဗုံးသံတွေကြားက ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မွေးဖွား လာခဲ့တဲ့ ဂျက်ကလေးဟာ ထူးထူးဆန်းဆန်းပါပဲ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဗုံးဒဏ်ကြောင့် ကြွေလွင့် ခဲ့ရပါတယ်။ သူ့ကို သဂြိုလ်မြုပ်နှံတဲ့နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ကမ္ဘာ့ကလေးများနေ့ ဖြစ်နေခဲ့ပြန်တယ်။

ငြိမ်းချမ်းတဲ့ အရပ်က ကလေးငယ်တွေဟာ လွတ်လပ်စွာ ပျော်ရွှင်မြူးထူးနေတဲ့အချိန် ကမ္ဘာ့ကလေးများနေ့မှာ ဂျက်ကလေးရဲ့ ဖြူနုနေတဲ့ ရုပ်အလောင်းဟာ ဦးခေါင်းအထက် ဗုံးဆံထိထားတဲ့အတွက် အခေါင်းပေါက်ကြီးလို့ ဖြစ်နေခဲ့တယ်။ မျက်လုံးကလေး အဝိုင်းသားနဲ့ ပြူးကြည့်နေတဲ့ ဂျက်ကလေးရဲ့ အသက်ရှင်စဉ်က ဓာတ်ပုံ ကလေးဟာ မြင်ရသူတွေအတွက် တုန်လှုပ်ရှောက်ချားဖွယ်ကောင်းလှပါတယ်။ မြောက်ဦးဆေးရုံ ဗုံးကြဲချမှု ဘေးက ကံကောင်းစွာ လွတ်မြောက်လာခဲ့တဲ့ ဂျက်ကလေးဟာ ဒုတိယမြောက်အကြိမ် ကံမကောင်းရှာခဲ့ပါဘူး။ အမေ့ရင်သားအစုံကို ဖက်ရမ်းစို့ငင်နေမယ့် ဂျက်ကလေးရဲ့ မနက်ခင်းတွေဟာ စစ်မိစ္ဆာတွေကြောင့် မှောင်မိုက်ခဲ့ရတယ်။ အမေ့ သားချောတေးသံ ညံစွာနဲ့ အိပ်မက်တွေကြား မွေ့ပျော်မယ့် ဂျက်ကလေးရဲ့ စိတ်ကူးတွေဟာ စစ်မိစ္ဆာတွေ ကြောင့် လန့်နိုးခဲ့ရတယ်။ အမေအဖေဆိုတဲ့ သူ့ကို ယုယနှုတ်ဆက်ကြသူတွေဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ် ဆိုတာကို မသိသေးတဲ့အချိန်မှာ စစ်မိစ္ဆာတွေ ကြောင့် ကြွေလွင့်ခဲ့ရတယ်။

တကယ်တော့ မြောက်ဦးရဲ့ ဂန္တဝင်ဆောင်းညနေခင်းတွေဟာ ဂျက်ကလေးအတွက် အကျဉ်းတန်ခဲ့ပါတယ်။ သားချော့ တေးကဗျာရှင်သန်တဲ့ ရခိုင့်ယဉ်ကျေးမှုမြို့တော်ဟာ ဂျက်ကလေးအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ ရတယ်။ ငြိမ်းချမ်း နွေးထွေးတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်တွေဟာလည်း ဂျက်ကလေးတို့အတွက် ပူလောင်လွန်း ခဲ့ပါတယ်။ ကလေးငယ်တိုင်း ဘေးကင်းလုံခြုံခွင့်၊ အသက်ရှင်သန်ခွင့်ဆိုတဲ့ ကလေးသူငယ်အခွင့်အရေးတွေဟာ လည်း ဂျက်ကလေးတို့လို ကလေးတွေအတွက် အကာအကွယ်မဖြစ်ခဲ့ပါဘူး။ ဒါတွေအားလုံးဟာ ဘာကြောင့်လဲ ဆိုရင် စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုကြောင့်ဖြစ်တယ်။

လူ့လောကကြီးကို အပြစ်ကင်းစွာနဲ့ ရောက်ရှိလာတဲ့ ဂျက်ကလေးဟာ ရက်ပေါင်း ၆၄ ရက်တိတိ နေထိုင်ခဲ့ပြီး ကမ္ဘာ မြေကြီးကို အပြစ်ကင်းစွာ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ သူထွက်သွားခဲ့တာဟာ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူကိုချစ်ခင် ယုယတဲ့ စစ်ရှောင်ဖခင် မိခင်တွေနဲ့အတူဖြစ်တယ်။

ဂျက်ကလေးဟာ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဘာမှမစွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ဘဝဖြတ်သန်းမှု ရက် ၆၀ ကျော်ဟာ ကမ္ဘာကြီးအတွက် သတိပေးခေါင်းလောင်းထိုးသံဖြစ်ခဲ့တယ်။ စစ်ပွဲတွေနဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်ညံ့ပက်စက်မှုတွေကို မီးမောင်းထိုးပြမှု ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် စစ်ကောင်စီလေကြောင်းကနေ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို တစ်ပြိုင်းတည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၇ ဦး ရှိခဲ့စဉ်

ဂျက်ကလေးရဲ့ မွေးကင်းစကနေ ၆၄ ရက်ကြာ ကာလအထိ ဖြတ်သန်းမှုကနေတဆင့် သူ့အတွက်တရားမျှမှု၊ သူ့အတွက်ဆုတောင်းသံတွေကို ကလေးငယ်တိုင်းခံစားရရှိကြပါစေ။ မင်းဆိုးမင်းယုတ်တွေအုပ်ချုပ်တဲ့ စနစ်ဆိုးတွေကြားမှာ ဂျက်ကလေးလို ကလေးသူငယ်တွေအားလုံး အခွင့်အရေးနဲ့ တရားမျှတမှုတွေကို ရရှိပိုင်ဆိုင် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သေရှာတာတစ်ခုကတော့ ဂျက်ကလေးလို့‌ ခေါ်ကြတဲ့ မောင်အောင်လင်းဟိန်း ကလေးဟာ “ဂျက်”ဆိုတဲ့ အသံနဲ့ ဂျက်လေးဆိုတဲ့ သူ့ရဲ့ နာမည်ကိုတော့ စက်ဆုတ်၊ မုန်းတီးနေပါလိမ့်မယ်။

(မောင်အောင်လင်းဟိန်း(ခ) ဂျက်ချေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ မြောက်ဦးဆေးရုံဗုံးကြဲခံသည့်အချိန်၊ ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်နေ့တွင်မွေးဖွားခဲ့သည်။ မွေဖွားပြီး ၂ လအကြာ ၂၀၂၆ ခု ဖေဖော် ဝါရီလ ၁၂ ရက်၊ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြောက်ဦးဗုံးကြဲချခံရသည့်အတွက် ဂျက်ချေ (ဂျက်ကလေး) ဟာ ဖခင် ဦးအောင်လင်းစိုး၊ မိဖင် ဒေါ်သန္တာစိုးတို့နှင့်တူ ကွယ်လွန်ခဲ့ရပါသည်။ ယခုဗုံးကြဲချမှုကြောင့် ကျောက်တော်၊ မြောက်ဦးမြို့များမှ လူပေါင်း ၇ ဦးသေဆုံးခဲ့ရသည်။)

မောရဇော် ရေးသည် – Western News

မှတ်ချက်။ ဒီဆောင်းပါးဟာ စာရေးဆရာ ဝေဟင်အောင်ရဲ့ ပြောပြချက်တွေကို အခြေခံထားပါတယ်။

နောက်ဆုံး သတင်းများရယူလိုက်ပါ