Thursday, April 23, 2026
Home » လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်

လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်

0 38

ရှမ်းပြည် မြောက်ပိုင်းဒေသ လားရှိုးမြို့ လေဆိပ်အနီးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်စခန်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဇူလိုင်လ ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လားရှိုးလေဆိပ်၊ အနီးက စစ်စခန်းအပြင် ဇူလိုင်လ ၃၁ ရက်နေ့က လေဆိပ်အကျော် စစ်ကောင်စီ တပ်စွဲထားသော မြို့နယ်အားကစားကွင်းတို့ကိုလည်း ကိုးကန့်တပ်က သိမ်းပိုက်ခဲ့သည်။

ယင်း စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် တစ်ပြိုင်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဧည့်ရိပ်သာကိုလည်း MNDAA နှင့် မဟာမိတ်တပ်တို့က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေသည်။

စစ်ရေးသတင်းရင်းမြစ်က ” မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဝှက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို ဆုတ်ခွာကြတယ်။ ဒီမနက်တော့ အခြေအနေအသေးစိတ် မသိရသေးဘူး။ မနေ့ညပိုင်းအထိကတော့ ရမခတိုင်း ဧည့်ရိပ်သာထဲကို မြောက်ပိုင်း တပ်တွေအလုံးအရင်းနဲ့ ဝင်လာတယ်လို့ သိရတယ်” ဟု ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MNDAA နှင့် ပူးပေါင်းတပ်က ရှင်းလင်းနိုင်ခဲ့သလို လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအလောင်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

MNDAA က ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ လားရှိုးမြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဟု ထုတ်ပြန်ထားသည်။

လားရှိုးမြို့ထဲတွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆုံးထိ ခုခံတိုက်ခိုက်နေ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ