Saturday, June 6, 2026
Home » VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

0 40

ပြည်သူများ လူမှုကွန်ရက် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသော VPN ဆော့ဝဲလ်ကို စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီထံ စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြသည်။

မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြထားကြောင်း ကုန်သည်နှင့်စက်မှု အသင်းချုပ် UMFCCI မှ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်၊ တယ်လီဂရမ်၊ ဆင်ဂနယ် စသော လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုခွင့်ပိတ်ပင်ထားပြီး အသုံးပြုသူများက VPN ဆော့ဝဲလ်များခံကာ ကျော်လွှားအသုံးပြုနေရသည်။

ဆက်လက်ပြီး စစ်ကောင်စီက VPN အသုံးပြုသူများကိုပါက လိုက်လံဖမ်းဆီးခြင်းများရှိနေ၍ မြန်မာပြည်သူများမှာ လူမှုကွန်ရက်စာမျက်နှာများကို ခိုးဝှက်အသုံးပြုနေကြရသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် လူမှုကွန်ရက် ဆက်လက်သုံးစွဲနိုင်ရန် တရားဝင် မှတ်ပုံတင်ထားသော VPN Service Provider များ ထူထောင်ခွင့်ပေးရန် UMFCCI က တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

UMFCCI က ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်သင်သည့် အချက် ၃၀ ကိုလည်း Review ပေးထားကြောင်း သိရသည်။

UMFCCI ၏ တောင်းဆိုမှု အောင်မြင်ပါက ကိုယ်ပိုင် VPN များ ထူထောင်နိုင်သလို စစ်ကောင်စီထံ တရားဝင်မှတ်ပုံတင်ထားသော VPN များကိုလည်း ပြည်သူလူထုအတွင်း ရောင်းချခွင့်များ ရရှိနိုင်မည်ဟု ဆိုသည်။

Facebook လူမှုကွန်ရက်အပေါ် အခြေခံထားသည့် အွန်လိုင်းအရောင်းအဝယ် စီးပွားရေး လုပ်ငန်းများလည်း ဆက်လက် လည်ပတ်နိုင်မည်ဖြစ်သည်။

မေလ ၃၀ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ခဲ့သလို VPN များအားလုံးကိုလည်း တရုတ်နည်းပညာဖြင့် စတင်ပိတ်ပင်ခဲ့သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ