Monday, October 13, 2025
Home » စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ

စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ

0 7

၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသတွင် အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၇၁ ဦးနှုန်းရှိကြောင်းနှင့် အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၆၆ ဦးနှုန်းဖြင့် ရှိနေကြောင်း Data for Myanmar ၏ ဇူလိုင်လအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြည်တွင်းမီဒီယာအချို့နှင့် ရင်းမြစ်များမှ ကောက်ယူထားသော အချက်အလက်များကို အခြေခံ၍ Data for Myanmar က တွက်ချက်ထားခြင်းဖြစ်သည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ ၄၉၉ ဦးရှိခဲ့ပြီး ဒဏ်ရာရ အရပ်သား ၄၆၄ ဦးရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

သေဆုံးသူများထဲမှ ၄၂၈ ဦးမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး တော်လှန်ရေးလက်နက်ကိုင်များကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့များကြောင့် ၉ ဦးနှင့် ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦး သေဆုံးခဲ့ရသည်ဟု ခွဲခြားထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထိမှန်သေဆုံးသူ၊ အရပ်အချင်းချင်း/ရာဇဝတ်ဂိုဏ်းများနှင့် အခြားကျူးလွန်သူကို အတည်မပြုနိုင်သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူ ၃၈ ဦးအထိရှိခဲ့သည်ဟု သိရသည်။

အရပ်သားသေဆုံးသူများ၏ ၂၁ ရာခိုင်နှုန်းရှိသော ၁၅၉ ဦးမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ပြီး အဓိက လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း အရပ်သားသေဆုံးမှု များပြားခြင်းနှင့် မြင့်တက်လာခြင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အထူးသဖြင့် စစ်ကောင်စီအနေဖြင့် စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းခြင်း၊ အရပ်သားနှင့် လက်နက်ကိုင်ကို ခွဲခြားမှုမရှိဘဲ လက်လွတ်စပယ် တိုက်ခိုက်ခြင်း၊ အရပ်သားများအား မထိခိုက်စေရန် ကြိုတင်ကာကွယ်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု Data for Myanmar က သုံးသပ်ထားသည်။

” အရပ်သား ထိခိုက်မှုလျော့နည်းအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ပိုတာဝန်ရှိပြီး ပြည်သူဘက်က လုပ်ဆောင်နိုင်တာ နည်းပါတယ် ” ဟု ပြောဆိုထားသည်။

စစ်ကိုင်းတိုင်းထဲက အရပ်သားသေဆုံးမှု များပြားသည့် မြို့နယ်များမှာ ကလေး၊ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ တမူးနှင့် မင်းကင်းမြို့နယ်တို့ဖြစ်ကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ