Monday, October 13, 2025
Home » စစ်ကောင်စီက သတင်းသမားတွေကို အငြိုးနဲ့ လက်တုံပြန်နေတယ်

စစ်ကောင်စီက သတင်းသမားတွေကို အငြိုးနဲ့ လက်တုံပြန်နေတယ်

0 5
[fvplayer id=”77″]

ဒီရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေကို သတ်ဖြတ်တာ၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ The Nation Voice က သတင်းထောက်နှစ်ဦး ဩဂုတ်လ ၂၁ ရက်နေ့ နံနက်က နေအိမ်ကိုဝင်စီး သတ်ဖြတ်ခံလိုက်ရပါတယ်။

The Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူမှာ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ တွေ့ဆုံနေစဉ်အတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်က နေအိမ်ကိုဝင်စီးနင်းပြီး မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Dawei Watch မီဒီယာက တနင်္သာရီတိုင်း မြိတ်ဒေသအခြေစိုက် သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်းစစ်ကောင်စီ တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သတင်းရေးသားမှုနဲ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မတွေနဲ့ စစ်ခုံရုံးက တိတ်တဆိတ် နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ကိုမျိုးမြင့်ဦးကို ဒီနှစ်ဖေဖော်ဝါရီလမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ပြီးတော့ ကိုအောင်ဆန်းဦးကို ဒီနှစ်မေလမှာ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်လိုက်တယ်လို့ Dawei Watch သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်က ပြောပါတယ်။

ပြည်ပအခြေစိုက်မီဒီယာတွေရဲ့ သတင်းရေးသား ဖော်ပြချက်တွေက စစ်ကောင်စီကို အထိနာတယ်လို့ ယူဆတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေကို အငြိုးနဲ့ လက်တုံ့ပြန်နေတယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ထောက်ပြပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် စစ်ဆေးတာ၊ ဥပဒေနဲ့ အညီ ခုခံကာကွယ်ချေပခွင့် မပေးဘဲ ထင်သလို ပြစ်ဒဏ်ချမှတ် အရေးယူတာနဲ့ သတ်ဖြတ်တာတွေကို Dawei Watch မီဒီယာက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီးထောင်ချထားတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

သတ်ဖြတ်ခံရသူ သတင်းသမား ၇ ဦးထဲမှာ Western News သတင်းထောက် မြတ်သူထွန်း ခေါ် ကိုဖိုးသီဟတစ်ယောက်လည်း အမှုရင်ဆိုင်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မြေမြှုပ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

နောက်ဆုံး သတင်းများရယူလိုက်ပါ