Monday, October 13, 2025
Home » ဘန်ကောက်တွင် ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်း မြန်မာနိုင်ငံသားများက စံချိန်တင်ဝယ်ယူခဲ့

ဘန်ကောက်တွင် ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်း မြန်မာနိုင်ငံသားများက စံချိန်တင်ဝယ်ယူခဲ့

0 7

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်း စံချိန်တင်ဝယ်ယူခဲ့ကြကြောင်း ဘန်ကောက်ပို့စ်က ယနေ့ သတင်းဖော်ပြသည်။

ယခု ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် ယခင်နှစ်ထက် ပိုမို စံချိန်တင် များပြားလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၆၃၈ ခန်းကို ဝယ်ယူ လွှဲပြောင်းရယူခဲ့ကြကြောင်း ထိုင်းနိုင်ငံ၊ အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုခန်း ၅၆၄ ခန်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုခန်း ၃၄၉ ခန်း၊ ၂၀၂၁ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၂၇၄ သန်းတန်ဖိုးရှိ ကွန်ဒိုခန်း ၃၀ သာ ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

REIC ယာယီညွန်ကြားရေးမှူးချုပ် Vichai Viratkapan က ” မြန်မာတွေက အရင်နှစ်တွေမှာ တစ်နှစ်ကို ကွန်ဒိုခန်း ၂၀ ကနေ ၅၀ ခန်းအထိပဲ ဝယ်ခဲ့ကြရာကနေ ၂၀၂၂ ခုနှစ်ကစပြီး ထိုင်းမှာ ကွန်ဒို ဝယ်ယူတဲ့ ထိပ်တန်း နိုင်ငံ ၁၀ ခုစာရင်းမှာ ပထမဆုံးပါဝင်လာခဲ့တယ်” ဟု ပြောဆိုသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ကွန်ဒိုအခန်းများ ဝယ်ယူသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက နံပါတ် ၆ နေရာတွင် ရပ်တည်ခဲ့ပြီး ယခုအခါ ထိုင်းကွန်ဒိုအခန်းများကို ဒုတိယအများဆုံး ဝယ်ယူသော နိုင်ငံဖြစ်လာကြောင်းသိရသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ပထမ အများဆုံးဝယ်ယူသော နိုင်ငံမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး မြန်မာနိုင်ငံက ရုရှားကိုကျော်တက်ကာ ဒုတိယအဆင့် ဝယ်ယူလာသူ များပြား လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီက ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှုများကို အရေးယူခဲ့မှုကြောင့် ၂၀၂၄ ခုနှစ် အစပိုင်းတွင် လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ