Sunday, August 24, 2025
Home » နိုင်ငံတဝန်းမှာ ၄ လအတွင်း အရပ်သားသေဆုံးသူ ၇၀၅ ဦးရှိ

နိုင်ငံတဝန်းမှာ ၄ လအတွင်း အရပ်သားသေဆုံးသူ ၇၀၅ ဦးရှိ

0 2

၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ၄ လတာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ် ၃၅ မြို့နယ်တွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်း အနည်းဆုံး ၆၀ ကြိမ်ရှိခဲ့ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၇၀၅ ဦးရှိခဲ့သည်။

နိုင်ငံရေးနှင့် လူမှုဖြစ်စဥ်များကို စဥ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်များတွင် စစ်အုပ်စု (မြန်မာစစ်တပ်) မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမှာ ၉၃ ရာခိုင်းနှုန်းဖြင့် အများဆုံးဖြစ်ပြီး နောက်ထပ် ကျူးလွန်သည့်အဖွဲ့အစည်းကို အတည်မပြုနိုင်သည့် ဖြစ်စဉ်များလည်း ပါဝင်သည်။

စစ်ကောင်စီ (မြန်မာစစ်တပ်) မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၅၆ ခုရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၆၄၃ ဦးရှိခဲ့သည်။

ထို့အပြင် ကျူးလွန်သည့်အဖွဲ့အစည်းကို မသိရှိရသော အစုလိုက်အပြုံလိုက် သေဆုံးရမှုဖြစ်စဉ် ၄ ခုရှိပြီး သေဆုံးသူ ၆၂ ဦးရှိခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပုံစံများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ပစ်မှတ်ထား၍ စစ်အုပ်စုမှ ကျူးလွန်ခဲ့သည့် လေကြောင်းအသုံးပြုခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက် သတ်ဖြတ်ခြင်းများမှာ အများဆုံးဖြစ်ပြီး ဒရုန်းဖြင့်တိုက်ခိုက်ခြင်း အပါအဝင် အခြားပုံစံများဖြင့်လည်း ကျူးလွန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် သြဂုတ်အထိ နိုင်ငံတဝန်းတွင် လူ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း အနည်းဆုံး ၃၂၀ ခု ကျူးလွန်ထားပြီး အရပ်သားပြည်သူစုစုပေါင်း အနည်းဆုံး ၃၁၉၅ ဦးထိ သတ်ဖြတ်ခံခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုသည်။

အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော ဖြစ်စဉ်နှင့်သေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းဒေသတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ