Monday, August 25, 2025
Home » KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦး ပြန်လွတ်လာ

KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦး ပြန်လွတ်လာ

0 9

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားသည့် Red News Agency က သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့မှာ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Red News Agency ၏ ဖားကန့်မြို့နယ်အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို KIA က စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

သတင်းထောက် ကိုနောင်ရိုးနှင့် အဆက်အသွယ်ရပြီး နေကောင်းကျန်းမာစွာဖြင့် ပြန်လည်လွတ်လာကြောင်း Red News Agency အယ်ဒီတာ ဦးဝင်းဇော်နိုင်က အတည်ပြုပြောကြားထားသည်။

“ဟုတ်ပါတယ်ဗျ။ မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ပြန်လွတ်လာပါပြီ။ KIA က ပြန်လွှတ်ပေးလိုက်တယ်ပေါ့နော်။ ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အသေးစိတ်တော့ သူတို့နဲ့ တိုင်ပင်ပြီး ပြန်ထုတ်ပြန်ပေးပါမယ်။ မနေ့ကတော့ ကိုနောင်ရိုးနဲ့ အဆက်အသွယ်ရတယ်။ ကိုတာလင်းမောင်နဲ့တော့ မရသေးဘူး။ နေကောင်းကျန်းမာစွာနဲ့ ပြန်လွတ်လာကြတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

သတင်းထောက် ကိုနောင်ရိုးကိုယ်တိုင်ကလည်း ယမန်နေ့တွင် လူမှုကွန်ရက်ကတစ်ဆင့် ပြန်လွတ်လာသည့်အကြောင်း အသိပေးရေးသားခဲ့သည်။

“ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” ဟု ဆိုသည်။

ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့မှာ မည်ကဲ့သို့ ဖမ်းဆီးခံရကြောင်းနှင့် မည်ကဲ့သို့ ပြန်လည်လွတ်မြောက်လာသည့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ဦးဝင်းဇော်နိုင်က ပြောသည်။

” ဘယ်လိုပြန်လွတ်တဲ့ အသေးစိတ်ကို ကျနော်တို့ မသိရသေးဘူးဗျ။ ဖားကန့်ကလည်း ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့လေ။ ပြန်လွတ်လာတာပဲ သိတာပါ။ ဟိုမှာ ဘယ်လိုကြောင့် ဖမ်းသွားတယ်။ ဘယ်လိုဖြစ်တယ်။ အဲဒီအသေးစိတ်တွေကို သေချာ မသိရသေးဘူးဗျ။ ” ဟု ပြောသည်။

Red News Agency သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ပြန်လွှတ်ပေးခြင်းနှင့် ဖမ်းဆီးရသည့် အကြောင်းအရင်းများအား KIA ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အဆိုပါ သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM က တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် သတင်းသမားများအပေါ် ကာကွယ်ပေးကြသည့် CPJ အပါအဝင် နိုင်ငံတကာမီဒီယာကာကွယ်ရေးအဖွဲ့အစည်းများက တောင်းဆိုပေးခဲ့ကြသည်။

ယင်းအပြင် Red News Agency သတင်းဌာန၊ သတင်းသမားများဖြင့် ဖွဲ့စည်းထားသော IMJA အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာအသီးသီးကလည်း တောင်းဆိုလှုပ်ရှားခဲ့ကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ