Monday, October 13, 2025
Home » ကယန်းလူမျိုးမှာ တပ်မတော်တည်ထောင်ဖွဲ့စည်း

ကယန်းလူမျိုးမှာ တပ်မတော်တည်ထောင်ဖွဲ့စည်း

0 5

(NUG ကို ပြည်ထောင်စုအစိုးရ အဖြစ် အသိအမှတ်ပြုဟုဆို)

ကယား (ကရင်နီ) ဒေသက ကယန်းလူမျိုးများမှာ Kayan National Army ကယန်းအမျိုးသားတပ်မတော် ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။

ကယန်းအမျိုးသားတပ်မတော် – Kayan National Army (KNA) သည် ကယန်းတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ဖယ်ခုံမြို့နယ်အတွင်းရှိ ကယန်းဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြသည်။

လွိုင်ကော်၊ ဒီမောဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသများတွင် ပြန့်ကြဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပေါင်းစပ်ထားသည့် ကယန်းအမျိုးသားတပ်မတော် KNA သည် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။

KNA ကို ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဦးဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

အခြေခံမူ ၉ ချက်၊ အမျိုးသားရည်မှန်းချက် ၅ ချက်၊ သစ္စာအဓိဋ္ဌာန် ၄ ချက်တို့ဖြင့် ကယန်းအမျိုးသားတပ်မတော် KNA ကို ဖွဲ့စည်းပြီးစည်းကြောင်းလည်း ဆိုသည်။

ကယန်းပြည်သူအပါအဝင် အဖိနှိပ်ခံဘဝတူ ပြည်သူတစ်ရပ်လုံး ကာကွယ်ပေးရေး၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို အခြေခံမူထဲတွင် KNA က ထည့်သွင်းထားကြောင်း သိရသည်။

ကယန်းအမျိုးသားတပ်မတော် KNA က စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေသော မည်သည့် တော်လှန်ရေးလက်နက်ကိုင်အင်အားစုနှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။

KNA သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ