Thursday, August 28, 2025
Home » စစ်ကောင်စီဖွဲ့စည်းသော သတင်းမီဒီယာကောင်စီကို IPCM ပြင်းထန်စွာကန့်ကွက်

စစ်ကောင်စီဖွဲ့စည်းသော သတင်းမီဒီယာကောင်စီကို IPCM ပြင်းထန်စွာကန့်ကွက်

0 3

မြန်မာနိုင်ငံအတွက် အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းပေးသော သတင်းမီဒီယာကောင်စီကို လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာဖြစ်မည်ဟု IPCM က သုံးသပ်ထားသည်။

စစ်ကောင်စီ ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီ ဥက္ကဌ သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒေါက်တာ ဦးတင်ထွန်းဦးဖြစ်သည်။

အတွင်းရေးမှူး ဦးအေးချမ်းမှာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားဖြစ်သည်ကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် မည်သို့မျှရပ်တည် လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း IPCM က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် သုံးဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း ၈ ဦးအထိ ရှိလာခဲ့၍ သတင်းသမားကာကွယ်ရေးကော်မတီ CPJ ၏ ၂၀၂၄ Global Impunity Index တွင် အဆင့် ၁၀ သတ်မှတ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား ၅၀ ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီးသီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်သည်။

ထို့အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေကြောင်း IPCM က ထုတ်ပြန်ထားသည်။

သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင် ရွက်နေကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုကြရန် IPCM က တောင်းဆိုထားသည်။

သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ်ဆောင်နေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM နှင့်သာ ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ