Tuesday, October 14, 2025
Home » စစ်ကောင်စီမှာ စစ်မှုထမ်း အမှတ်စဉ် ၅ သင်တန်းဆင်း

စစ်ကောင်စီမှာ စစ်မှုထမ်း အမှတ်စဉ် ၅ သင်တန်းဆင်း

0 5

အာဏာသိမ်း စစ်ကောင်စီမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၅ သင်တန်းဆင်းပွဲကို ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် ကျောင်းအသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်က အတင်းပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက်ရှိသော လူငယ်များကို အတင်းအဓမ္မခေါ်ယူပြီး အခြေခံစစ်သင်တန်းပေးအပ်နေသည်မှာ ယခုအခါ အမှတ်စဉ် ၅ အထိ ရှိလာပြီဖြစ်သည်။

အမှတ်စဉ် ၅ အခြေခံစစ်သင်တန်းကို စက်တင်ဘာလ ၉ ရက်နေ့က ဖွင့်လှစ်သည့် စစ်မှုထမ်းသင်တန်းဖြစ်ပြီး ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊ ခြေလျင်လက်နက်ငယ်၊ စစ်နည်းဗျူဟာ စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးခဲ့ကြောင်း ဆိုသည်။

စစ်မြေပြင်အင်ဂျင်နီယာ၊ စစ်မြေပြင်အုပ်ချုပ်ရေးနှင့် အထွေထွေ ဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းကျောင်းများအလိုက် ထူးချွန်သော စစ်မှုများကို စံပြတပ်သားအဖြစ် ဆုအမျိုးမျိုးကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ စစ်မှုထမ်းသင်တန်းသားများမှာ တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြတော့မည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ