Saturday, August 23, 2025
Home » AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး

AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး

0 2

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှ စစ်သုံ့ပန်းများထားသော နေရာနှင့် AA တပ်စခန်းအချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် ၃ကြိမ်တိုင်တိုင် လာရောက် ကြဲချခဲ့မှုကြောင့် သုံ့ပန်းအပါအဝင် တပ်မိသားစုများလည်း ၃၀ ကျော်မနည်းသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“သုံ့ပန်းတွေသေဆုံးပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ စစ်သားတွေ ပါတယ်။ တပ်မိသားစုတွေ ကလေးတွေပါတယ်။ အကုန် ၃၀ ကျော်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာတွေကိုတော့ ဆေးရုံတွေကို ပို့ထားပါတယ်။ သွေးတွေကလည်း အရေးပေါ်လိုအပ်နေပါတယ်”ဟုပြောသည်။

အဆိုပါ ဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားနှင့် တပ်မိသားစုများ စုစုပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ဆက်လက် ပြောသည်။

AA တပ်စခန်းနေရာအချို့ကိုလည်း စစ်ကောင်စီက ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက် သေဆုံးမှုများလည်း ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောဆိုသော်လည်း Western News က သီးခြား အတည်ပြု၍ မရရှိသေးပေ။

အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်မှူးကြီး ဒေါင်းရံကလည်း စစ်ကောင်စီဗုံးကြဲမှုကြောင့် သုံ့ပန်းအပါအဝင် မိသားစုဝင်များ ကလေးများ သေဆုံးသွားကြောင်း လူမှုကွန်ရက် စာမျက်တွင် ယနေ့တွင်ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ အတွင်းကလည်း စစ်ကောင်စီက အဆိုပါနေရာများကို တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့မှုကြောင့် စစ်သုံ့ပန်းအပါအဝင် AA တပ်ဖွဲ့ဝင် အချို့ သေဆုံး၊ ဒဏ်ရာရှိခဲ့များ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း က ပေါက်တောမြို့နယ် ထဲက သုံ့ပန်း အကျဉ်းသားများထားသောနေရာနှင့် ပေါက်တော ဆေးရုံတို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ကျော် သေဆုံးခဲ့သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ