Saturday, August 23, 2025
Home » မြောက်ဦးတွင် ထင်းခွေသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

မြောက်ဦးတွင် ထင်းခွေသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

0 1

ရခိုင်ပြည် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က တောတောင်သို့ ထင်းခွေသွားသည့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ထိုင်ခဲ့သော ခမရ ၃၇၈ တပ်ရင်းနှင့်နီးသည့် ကျောက်တစ်လုံးတောင်ကို ထင်းခွေသွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျောက်တစ်လုံးတောင်ကို ထင်းသွားခွေတာ။ အဖော်တွေလည်းပါသွားတယ်။ သူတို့ ထင်းရောင်းစားကြတာလေ။ အဲ့နေ့မှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံးပြတ်လာတယ်။ အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာပဲဆုံးရှာတယ်” ဟု ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အောင်မင်္ဂလာရပ်ကွက်ဒေသခံဖြစ်ပြီး အမည်ဖော်ပြခွင့်မရှိကြောင်း မိသားစုဝင်များက ပြောသည်။
“တူမလေးဟာ လေဖြတ်နေတဲ့ လင်ယောင်္ကျားနဲ့ သားသမီးတွေကို ထင်းခွေပြီး ရှာကျွေးနေတာ။ တော်တော်လေး သနားဖို့ကောင်းပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။ ကလေးတွေတော့ ဒုက္ခတွေရောက်ပါပြီ” ဟု ပြောသည်။

မြောက်ဦးမြို့နယ်က ဒေသခံပြည်သူများ အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်က ဒေသခံပြည်သူများမှာ တောတောင်များကို အမှီပြု၍ လုပ်ကိုင်စားသောက်ကြပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင်း စိုးရိမ်နေရသည်။

ခရမ ၃၇၈ တပ်ရင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ခဲ့သော တပ်ရင်းတစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်းပေါင်းများစွာ မြှုပ်ထားခဲ့ကြောင်းနှင့် အဆိုပါနေရာများအား အာရက္ခတပ်တော် AA ကလည်း မိုင်းရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံပြည်သူအချို့မှာ မြေမြှုပ်မိုင်းရှိသည်ဟု သိထားသော်လည်း စားဝတ်နေရေးအတွက် အသက်စွန့်ပြီး ထင်းခွေသွားခြင်း၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်းကို ပြုလုပ်နေကြသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ