Wednesday, October 15, 2025
Home » မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ

မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ

1 6

မြန်မာနိုင်ငံသား ၂၇၈ ဦးသည် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသား အဖြစ် ပြောင်းလဲခံယူလိုက်ကြောင်း စင်ကာပူရှိ စစ်ကောင်စီသံရုံးက ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို လာရောက်အပ်နှံခဲ့ကြပြီး အဆိုပါသူများမှာ သံရုံးထောက်ခံစာကို လာရောက်ယူနိုင်ကြောင်း နိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းတို့ကိုပါ တစ်ပါတည်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံသား ၂၇၈ ဦးသည် စင်ကာပူနိုင်ငံသားအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကူးပြောင်းသွားခြင်း ဖြစ်ပြီး နိုင်ငံသားကူးပြောင်းသွားသူအများစုမှာ စင်ကာပူ PR အမြဲတမ်း နေထိုင်ခွင့်ရရှိထားသော ပညာတတ်လူတန်းစားအများစုဟု သိရသည်။

စင်ကာပူရောက် မြန်မာတစ်ဦးက “မြန်မာသံရုံးက ကြေညာတဲ့အထဲမှာ မိတ်ဆွေတွေရဲ့ နာမည်တွေလည်းတွေ့တယ်။ PR ရထားပြီး သတ်မှတ်သက်တမ်းရှိမှ စင်ကာပူနိုင်ငံသားလျှောက်ထားခွင့်ရှိတယ်။ စင်ကာပူမှာ PR ရထားတယ်ဆိုတာကလည်း ပညာတတ်အလွှာနဲ့ အခြေခိုင်မှ သူတို့ကလည်း PR ပေးတာ။ အခုပြောင်းသွားတဲ့သူတွေက အခုလတ်တလော ပြောင်းထားတာမျိုး မဟုတ်ဘူး။ အနည်းလေး ၈ လကနေ ၂ နှစ်လောက်ကြာတယ်။ ဒါက အာဏာသိမ်းပြီးမှ လျှောက်ကြတဲ့သူတွေများတယ်” ဟု ပြောဆိုသည်။

ယခင်ကလည်း မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲ လျှောက်ထားကြသူများရှိသော်လည်း ယခုကဲ့သို့ အရေအတွက်မများကြောင်း မြန်မာနိုင်ငံသားများ ပြောဆိုသည်။

ယခုအခါတွင်မူ စစ်အာဏာသိမ်းထားမှုကြောင့် စင်ကာပူနိုင်ငံ သားအဖြစ် ပြောင်းလဲ လျှောက်ထားသည့် မြန်မာအရေအတွက်များပြားလာပြီး စင်ကာပူတွင် PR ရရှိထားသော မြန်မာများမှာ ပညာတတ်အလွှာ အများစုဟု သိရသည်။

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲသွားသည့်အတွက် မြန်မာ နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးပြီး Brain Drain ဟုဆိုနိုင်ကြောင်း စင်ကာပူရောက် မြန်မာ တစ်ဦးက ဆိုသည်။

“အရင်ကလဲ စင်ကာပူနိုင်ငံသား ပြောင်းကြပေမယ့် အခုလောက်တော့ မများဘူး။ အခုကတော့ ပိုများလာတာပေါ့။ စင်ကာပူမှာ PR နဲ့ နိုင်ငံသားဆိုတာက အခြေ မခိုင်သူကို မပေးဘူး။ စင်ကာပူက အများကြီးစိစစ်တယ်” ဟု ဆက်လက်ရှင်းပြသည်။

စင်ကာပူသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၆ သန်းဝန်းကျင်ရှိကာ စီးပွားရေးအရ တိုင်းပြည် GDP အမေရိကန်ဒေါ်လာ ၄၆၇ ဘီလီယံရှိကာ အာဆီယံတွင် ထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ