Monday, October 13, 2025
Home » စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည် ၂၁၀၀ ကျော် မီးဘေးသင့်

စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည် ၂၁၀၀ ကျော် မီးဘေးသင့်

0 8

စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မတ်လ ၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁၄၉ ဦး မီးဘေးသင့်ခဲ့ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းက ယနေ့ မတ်လ ၃ ရက်တွင် ဖော်ပြသည်။

နံနက် ၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ရေသယ်ယာဉ်ဖြင့်ပါ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်ဟု စစ်ကောင်စီက ဆိုသည်။

မီးစတင်လောင်ရခြင်း အကြောင်းအရင်း အသေးစိတ်ကို စစ်ကောင်စီက ထုတ်ဖော်ခြင်းမရှိကြောင်းနှင့် Western News က ဒုက္ခသည်စခန်းအား ဆက်သွယ်သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ၍ အသေးစိတ်ကို မသိရသေးပေ။

ကယ်ဆယ်ရေးစခန်းက အဆောင် ၃၄ ဆောင်ထဲမှ အခန်းပေါင်း ၂၇၂ ခန်း မီးလောင်ကျွမ်းသွားပြီး အိမ်ထောင်စုပေါင်း ၃၁၄ စုမှာ မီးဘေးသင့်၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။

မီးဘေးသင့် မွတ်ဆလင် အိမ်ထောင်စုများအား ယာယီနေထိုင်စရာ ရွက်ဖျင်တဲများနှင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

နွေရာသီ ရောက်လာတိုင်း ရခိုင်ပြည်အတွင်း မီးဘေးအန္တရာယ်ကို ကြုံရတတ်ပြီး ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်နှင့် မီးဘေးကာကွယ်ရေးပစ္စည်းများ ပြုလုပ်ထားသင့်ကြောင်းလည်း မီးသတ်ဌာနများက လမ်းညွှန်ထားကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ