Monday, March 2, 2026
Home » ရခိုင်ဒေသထွက် အရက်များကို သောက်သုံးရန် သင့်မသင့် AA က စစ်ဆေးသွားမည်

ရခိုင်ဒေသထွက် အရက်များကို သောက်သုံးရန် သင့်မသင့် AA က စစ်ဆေးသွားမည်

3 26

အာရက္ခတပ်တော် ထိန်းချုပ်ဒေသ လွတ်မြောက်နယ်များတွင် ပြည်မနှင့် ပြည်ပ အရက်များ ရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်ခံရပြီးနောက် ဒေသထွက် အရက်များ ထုတ်လုပ်ရောင်းချမှု များပြားလာကြသည်။

အရက်က တစ်ဆင့် ဝိုင်ထုတ်လုပ်သည့် အဆင့်သို့ ဒေသခံပြည်သူများမှာ ထုတ်လုပ်ရောင်းချလာကြပြီး အများပြည်သူ သောက်သုံးရန်သင့်မသင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာရက္ခတပ်တော် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အစားသောက်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်မယ့် FDA အဖွဲ့ ဖွဲ့ထားတာရှိပါပြီ။ အခု ထုတ်လုပ်ရောင်းချနေကြတဲ့ ဝိုင်တွေကိုလည်း ဒီအဖွဲ့က စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သောက်သုံးလို့ အဆင်မပြေတဲ့ အရာတွေထည့်ထားရင် ဒါကိုရောင်းချခွင့်မပြုပါဘူး” ဟုပြောသည်။

အရက်များ၊ ဝိုင်များအပြင် ဒေသထွက် အခြားသော စားသောက်ကုန်များကိုလည်း အများပြည်သူ စားသုံးရန်သင့်မသင့် အာရက္ခတပ်တော် AA က စစ်ဆေးသွားမည်ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့တွင် အရက်ထုတ်လုပ်နေသူတစ်ဦးက “တာဝန်ရှိသူတွေကတော့ ဒါနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေ လုပ်မယ်လို့တော့ ပြောထားတာရှိတယ်။ ဒါပေမယ့် စစ်ဆေးလာတာမျိုးတွေတော့ မရှိသေးဘူး။ သူတို့ စစ်ဆေးလို့ အဆင်ပြေတယ်ဆိုရင် တော့ ရောင်းချခွင့်တရားဝင်ရမှာပေါ့။ ခုလောလောဆယ်တော့ ရောင်းနေရတယ်။ ရောင်းအားလည်းကောင်းတယ်ပြောရမယ် မြို့နယ် ၇ ခုလောက်ကကို လာဝယ်ကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း အရက်ထုတ်လုပ်ရောင်းချသူများအား အာရက္ခတပ်တော် က လိုင်စင်ထုတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်ထုတ်နှင့် နိုင်ငံခြားဖြစ် အရက်များကို အာရက္ခတပ်တော်က ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလကစ၍ ရောင်းဝယ်ဖောက်ကားခြင်း၊ သောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။

ထိုကြောင့် ဒေသခံပြည်သူများမှာ ဒေသထွက် အရက်ကိုသာ သောက်သုံးလာကြပြီး ဒေသထွက် အရက်မှာ ယခင် ၅ ဆအထိ ရောင်းအားပိုကောင်းကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်မှ ရခိုင်ပြည်အတွင်း ဘီယာ ထုတ်လုပ်ရောင်းချမည်ဟုလည်း ဒေသခံများကြားတွင် သတင်းထွက်ပေါ်နေပြီး Western News အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်အတွင်း ဒေသထွက် အရက်မှာ အုန်းရည် (ဓနိရည်)၊ အန်ဒရိန်းရောစပ်ထားသည့် အရက်၊ ချက်အရက်နှင့် အရက်နှင့်ရောစပ်ထားသည့် ဝိုင် စသဖြင့် ထုတ်လုပ်ရောင်းချနေကြကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ