Sunday, April 19, 2026
Home » DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း

0 36

Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်းစစ်ကောင်စီမှ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ဇွန်လ ၂၈ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

သတင်းထောက် ကိုထက်အောင်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင်ပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံရိုက်နေစဉ် ဖမ်းဆီးခံလိုက်ရသည်။

ထိုနေ့တွင် DMG ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင် ကိုပါ စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့ ဇွန်လ ၂၈ ရက်တွင် စစ်တွေမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဘာသာရေးအလှူပွဲအား ဓါတ်ပုံရိုက်ကူးရင်း ဖမ်းဆီးခံရသည့် သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီမှ ထောင်ဒဏ် မတရားချမှတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် Western News က တောင်းဆိုသည်။

စစ်ကောင်စီမှ သတင်းသမားများအား မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား တရားစွဲဆိုခြင်း ထောင်ဒဏ်မှတ်ချက်ခြင်းများကို ရပ်တန့်ရန်နှင့် ဖမ်းဆီး တရားစွဲခံထားရသည့် သတင်းသမားများကို ချွတ်ယွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန် တောင်းဆိုသည်။

လွတ်လပ်စွာသတင်းရယူပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုခြင်းနှင့် နိုင်ငံသားတိုင်း သတင်းသိပိုင်ခွင့် အပါအဝင် သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်အစုအဖွဲ့များမှ တားဆီးပိတ်ပင်ခြင်း၊ မတရားအနိုင်ကျင့်မှုများ မပြုလုပ်သင့်ကြောင်း Western News သတင်းဌာနမှ အလေးအနက်တိုက်တွန်း ထပ်မံတောင်းဆိုအပ်သည်။

အယ်ဒီတာအဖွဲ့

Western News သတင်းဌာန

ရခိုင်ပြည်

နောက်ဆုံး သတင်းများရယူလိုက်ပါ