Monday, April 20, 2026
Home » ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ

ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ

0 34

ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Posco ကုမ္ပဏီက ဆောင်ရွက်နေသော ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ စတုတ္တအဆင့် တည်ဆောက်ရေး တင်ဒါကို တရုတ် COOEC က ရရှိပြီး အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိကြောင်း တရုတ်သတင်းများက ဖော်ပြသည်။

တောင်ကိုးရီးယား သံမဏိထုတ်လုပ်သူ Posco International က ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ပရောဂျက်၏ စတုတ္ထအဆင့် တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြစ်သော Chinese contractor Offshore Oil Engineering Company (COOEC) ထံသို့ တင်ဒါ ပေးလိုက်သည်။

လိုအပ်သော ပစ္စည်းများဝယ်ယူရေးနှင့် တည်ဆောက်ရေးများ၊ စီမံကိန်းကို ဒီဇိုင်းဆွဲခြင်း၊ ဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာများကို ပြန်လည်မွမ်းမံခြင်း၊ ရေအောက် အဆောက်အဦများ တပ်ဆင်ခြင်းနှင့် လုပ်ငန်းမစတင်မီ တူးဖော်ခြင်း ကိရိယာများကို တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။

COOEC က ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ပရောဂျက်၏ စတုတ္ထအဆင့်ကို ၃ နှစ်အတွင်း အပြီး တည်ဆောက်ရမည်ဖြစ်သည်။

ရှန်ဟိုင်းအခြေစိုက် COOEC ကို ရေအောက်မီတာ ၁,၀၀၀ ကျော်နက်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ပရောဂျက်အတွက် ကန်ထရိုက်တာအဖြစ် ရွေးချယ်ခံရခြင်းသည် စွမ်းဆောင်ရည်အပေါ်ယုံကြည်မှု ပြသခြင်းဖြစ်ကြောင်း တရုတ်ကုမ္ပဏီဖက်က ဆိုသည်။

ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး ယင်းဓာတ်ငွေ့တွင်းကို ၂၀၀၄ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်မှစတင်၍ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၆၀ ခန့်ထွက်ရှိပြီး အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ရွှေစီမံကိန်းကို Posco International က အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး စီမံကိန်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊ တောင်ကိုရီးယားကုမ္ပဏီ KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယအခြေစိုက် ONGC နဲ့ GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ